ရိုဟင်ဂျာ လူကုန်ကူးမှု ဖော်ပြတဲ့ ထိုင်းသတင်းဌာန တရားစွဲခံရ

Rohingya
ဓာတ်ပုံ ပုံစာ, ထိုင်း အစိုးရက ရိုဟင်ဂျာ တွေကို ကြာရှည် လက်ခံ မထားချင် ပါဘူး

မြန်မာနိုင်ငံ ကနေ လှေနဲ့ ရောက်လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ထိုင်းစစ်တပ်က လူကုန်ကူးသူတွေ လက်ထဲကို ထည့်ခဲ့တယ် ဆိုပြီး သတင်းဖော်ပြ ခဲ့တဲ့ ဖူးကက်ဝမ် သတင်းဌာန က သတင်းသမား Alan Morison နဲ့ Chutima Sidasathian တို့ နှစ်ဦး ကို ထိုင်းရေတပ်က အသရေဖျက်မှု နဲ့ တရားစွဲ လိုက်ပါတယ်။

ဖူးကက်ဝမ် သတင်းဌာန ဖက်ကတော့ သူတို့ဟာ ရိုက်တာ သတင်းဌာနရဲ့ ဖော်ပြချက်ကို ထပ်ဆင့် တင်ပြတာသာ ဖြစ်ကြောင်းနဲ့ အခုလို တရားစွဲ ခံရတာကို အံ့သြ မိကြောင်း ကြေညာချက် ထုတ်ပြန် ပါတယ်။

ထိုင်းနိုင်ငံဟာ ရိုဟင်ဂျာ တွေကို လူကုန်ကူး သူတွေဆီ တိတ်တဆိတ် ရောင်းစား နေတယ်လို့ ရိုက်တာ သတင်း ဌာနရဲ့ သတင်း အစီရင် ခံစာ တခုမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အခုအခါ ဒီအမှုကို ပြန်လည် ရုပ်သိမ်း ပေးဖို့ သတင်းစာ လွတ်လပ်ခွင့်နဲ့ လူအခွင့် အရေး အတွက် လှုပ်ရှား သူတွေက ဝိုင်းပြီး တောင်းဆို နေပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch) ရဲ့ ထိုင်း နိုင်ငံ အခြေစိုက် သုတေသီ ဆူနိုင်းဖာဆု က ထိုင်း ရေတပ်ဟာ “ဖူးကက်ဝမ်ကို အသံတိတ်အောင် လုပ်လိုက်ရင် ရိုဟင်ဂျာ တွေကို လူကုန် ကူးနေတဲ့ သတင်းတွေ ဖော်ထုတ်တင်ပြ တာလည်း ရပ်သွား လိမ့်မယ်” လို့ ယူဆပြီး အခုလို တရားစွဲ တာဖြစ်နိုင်ကြောင်း ဝေဖန် လိုက်ပါတယ်။

ထိုင်းအာဏာပိုင်တွေ အနေနဲ့ ရိုဟင် ဂျာဒုက္ခသည် တွေကိုဘယ်လို ကိုင်တွယ်တယ် ဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောပြဖို့လိုနေတယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းသမား နှစ်ဦးကို ရာဇဝတ်မှု မြောက်တဲ့ အသရေ ဖျက်မှု၊ ကွန်ပြူတာနဲ့ သတင်းအချက် အလက် ဖြန့်ဝေမှု ပုဒ်မ တွေနဲ့ တရား စွဲ ထားတာ ဖြစ်ပါတယ်။

တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် အထိ ကျခံရနိုင် တယ်လို့ ဆူနိုင်းက ဆိုပါတယ်။

သူတို့ကို စွဲဆိုထားတဲ့ အမှုတွေ ပြန်ရုပ်သိမ်း ပေးဖို့ တောင်းဆိုချက် တွေအပေါ်မှာတော့ ထိုင်းရေတပ် ဘက်ကရော၊ ထိုင်းအစိုးရ ဘက်ကပါ တုံ့ပြန်ခြင်း မရှိသေး ပါဘူး။