ထိုင်းကမ်းလွန်က လှေပေါ်မှာ ဒုက္ခသည် ၁၀ ဦး သေဆုံး
မြန်မာ နိုင်ငံက ထွက်လာတယ်လို့ ဆိုတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ ကပ္ပလီ ပင်လယ်ပြင် အတွင်း လှေတစ်စီးပေါ်မှာ အစားအစာနဲ့ ရေ မရှိဘဲ တစ်ပတ်ကြာ ပိတ်မိနေကာ၊ အချို့က ကျင်ငယ်ရေကို ပြန်သောက် နေကြရပြီး လူ ၁၀ ယောက်လည်း သေဆုံး သွားတယ်လို့ သိရှိရပါတယ်။
မွတ်ဆလင် ရိုဟင်ဂျာ အများစု ပါဝင်တဲ့ လူ ၃၅၀ ကို တင်ဆောင် လာတဲ့ အဲဒီ ငါးဖမ်း စက်လှေဟာ ထိုင်း နိုင်ငံ ကမ်းရိုးတမ်း အနီး ရောက်ရှိနေပြီး ကမ်းကပ်ခွင့် မရဘဲ ဖြစ်နေပါတယ်။
သင်္ဘော အဖွဲ့သားတွေက ပြီးခဲ့တဲ့ သီတင်းပတ် အကုန်ကတည်းက စက်လှေကို စွန့်ခွာ သွားခဲ့ပြီး အင်ဂျင်စက်ကိုလည်း ဖျက်ဆီး ပစ်ခဲ့တယ်လို့ အဲဒီ လှပေါ်က လူတွေက ဘီဘီစီကို ပြောပါတယ်။
သူတို့ဟာ မြန်မာ ပြည်ကနေ ထွက်ပြေး လာကြပြီး မလေးရှားကို သွားဖို့ လူမှောင်ခိုကူးသူ တွေနောက်ကို စက်လှေနဲ့ လိုက်လာ ကြသူတွေပါ။ ပုံမှန်အားဖြင့် သုံးပတ်လောက် သွားရတဲ့ ခရီးကို သူတို့ ဖြတ်သန်းလာတာ အခုသုံးလ ကြာခဲ့ပြီလို့ ပြောပါတယ်။
သူတို့ရဲ့ စက်လှေ နံဘေးအထိ သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် Jonathan Head က စက်လှေပေါ်က လူတွေဟာ အစားအစာနဲ့ ရေတွေ ပေးဖို့ တောင်းပံ တိုးလျှိုး နေကြတယ်လို့ ပြောပါတယ်။
အလားတူ တခြား ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ စက်လှတွေလည်း အများအပြား ရှိနေပြီး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်း နိုင်ငံတို့က အဲဒီ လှေတွေကို အကပ်မခံဘဲ ပြန်လွှတ် နေပါတယ်။
ထိုင်းနိုင်ငံ အတွင်း လူကုန်ကူးတဲ့ လမ်းကြောင်းပေါ်က စခန်းတွေမှာ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေ တူးဖော် တွေ့ရှိခဲ့ပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိုင်းအစိုးရက စတင် ခဲ့တဲ့အတွက် ခိုးဝင် ရွှေ့ပြောင်းလာသူတွေ ကမ်းကပ်ခွင့် မရတော့တာ ဖြစ်ပါတယ်။