လှေစီးရွှေ့ပြောင်း ဒုက္ခသည်ကိစ္စ ဆွေးနွေးဖို့ မြန်မာကို မလေးရှားပြော

လူမှောင်ခို ပွဲစားတွေ စွန့်ပစ်သွားလို့ ပင်လယ်ပြင်မှာ မျောနေတဲ့ သင်္ဘောတွေပေါ်မှာ ရွှေ့ပြောင်း ဒုက္ခသည်တွေ ထောင်နဲ့ချီ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လူမှောင်ခို ပွဲစားတွေ စွန့်ပစ်သွားလို့ ပင်လယ်ပြင်မှာ မျောနေတဲ့ သင်္ဘောတွေပေါ်မှာ ရွှေ့ပြောင်း ဒုက္ခသည်တွေ ထောင်နဲ့ချီ ရှိနေ

လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ဆွေးနွေး ပြောဆိုဖို့ မြန်မာ အစိုးရကို မလေးရှား နိုင်ငံခြားရေး ဝန်ကြီး အန်နီဖါ အာမန်က ဒီကနေ့ တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

မဟုတ်ရင်တော့ အရေးပေါ် အစည်းအဝေး တခု ခေါ်ရလိမ့်မယ်လို့ သူက သတိပေး ခဲ့ပါတယ်။

နိုင်ငံတကာ အဆင့်အထိ မရောက်ခင် ဒီကိစ္စ ဖြေရှင်းနိုင်ရေးကို မြန်မာအစိုးရအနေနဲ့ ဆွေးနွေးပြောဆိုမယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းလည်း မစ္စတာ အန်နီဖါက ဘာနားမား မလေးရှား အစိုးရ သတင်းဌာနကို ပြောသွားပါတယ်။

အဲဒီ လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီးတို့လည်း ဒီကနေ့မှာပဲ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ အင်ဒိုနီးရှား ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ လာမယ့် ရက်ပိုင်းအတွင်း တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

ပင်လယ်ပြင်မှာ မျောပါနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို ကမ်းကပ် ခိုလှုံခွင့်ပေးဖို့ အဲဒီနိုင်ငံတွေက ငြင်းဆန်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကို ရင်ဆိုင်နေရပါတယ်။

ဒီအတောအတွင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေက ပင်လယ်ပြင်မှာ မျောနေစဉ်တုန်းက သူတို့ လှေပေါ်မှာ စားနပ်ရိက္ခာ လုကြရင်း ခိုက်ရန်ဖြစ်ပွားပြီး လူတရာလောက် သေဆုံးခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။

ခိုက်ရန်ဖြစ်ပွားစဉ် အတွင်း လူတချို့ ဓါးထိုး ခံခဲ့ရသလို တချို့လည်း ကြိုးကွင်းစွပ် အသတ်ခံခဲ့ရပြီး တချို့ လှေပေါ်ကနေ ပင်လယ်ထဲ ပစ်ချခံခဲ့ရတယ်လို့ အခုအခါ အာချေး ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ အဲဒီ လူတွေက ပြန်ပြောပါတယ်။

ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာနိုင်ငံကနေ လှေသင်္ဘောတွေနဲ့ ထွက်လာကြရာမှာ လူမှောင်ခို ပွဲစားတွေရဲ့ စွန့်ပစ်ခံရအပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေနားက ပင်လယ်ပြင်မှာ မျောပါနေတဲ့ လှေသင်္ဘောတွေပေါ်မှာ ဒုက္ခသည်တွေ ထောင်နဲ့ ချီ ရှိနေတယ်လို့ ယူဆရပါတယ်။