နာမည်ကျော် ဟောလိဝုဒ်မင်းသား စစ်တွေ ဒုက္ခသည် စခန်းသွား

Hollywood actor visits Rakhine State

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ပင်လယ်ကူး သင်္ဘောကြီးတွေဆီကို ဒုက္ခသည် စခန်းက လူတွေ ထွက်ပြေးကြတာလည်း သိမြင်ခဲ့

အမေရိကန် ဟောလိဝုဒ်က ဒါရိုက်တာနဲ့ ရုပ်ရှင်မင်းသား Matt Dillon ဟာ ပင်လယ်ပြင်ကို ထွက်ပြေး နေကြတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှု ခဲ့ပါတယ်။

သူဟာ ဒုက္ခသည် စခန်းကို ပထမဆုံး ရောက်လာတဲ့ အမေရိကန်က နာမည်ကြီး သရုပ်ဆောင် ဖြစ်ပါတယ်။

မေလ ၂၉ ရက်နေ့က ဒုက္ခသည် စခန်းတချို့ကို သွားကြည့်ရာမှာ တဲငယ်တွေ အတွင်း အဟာရ ချို့တဲ့နေတဲ့ ကလေးတွေကို ချီထားတဲ့ မိခင်တွေကို တွေ့ခဲ့ရတယ်လို့ Matt Dillon က ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ခြေထောက် ဒဏ်ရာရသူ တစ်ယောက်ကို တွေ့ရတဲ့ မြင်ကွင်းကတော့ ရင်ထဲမှာ ထိခိုက်မိတယ်လို့ သူက ပြောပါတယ်။

ခြေထောက် ဒဏ်ရာက အတော်ပြင်းထန်တဲ့ အတွက် မှတ်ပုံတင် မထားတဲ့ စခန်းတွေမှာ ဆေးကုဖို့ မဖြစ်နိုင်တဲ့ အကြောင်း၊ သူရောက်ခဲ့တဲ့ စခန်းမှာ လူသုံးသောင်း အတွက် ဆရာဝန် တစ်ယောက်လောက်နဲ့ တစ်ပါတ်မှာ ၄ရက် တစ်နေ့ကို ၂ နာရီနဲ့ ဖွင့်တဲ့ ဆေးခန်းပဲ ရှိတဲ့ အကြောင်း Matt Dillon က ပြောပါတယ်။

ဒုက္ခသည် စခန်းက လူတွေ ဘင်္ဂလား ပင်လယ်အော်ထဲက လှေကြီးတွေ ဆီကို ကူးတို့ လှေငယ်လေးတွေနဲ့ ထွက်ပြေးကြတာတွေ၊ ငွေနဲ့ပြန်ရွေးဖို့ သူတို့ လှောင်ပိတ် ခံထားရလို့ ဒုက္ခရောက်ခဲ့ ရတဲ့ အကြောင်းတွေနဲ့ ဒုက္ခသည် စခန်းတွေကို ပြန်ရောက် လာသူတွေ ကတော့ ကံကောင်းတယ်လို့ စခန်းက လူတွေ ပြောပြလို့ သိရကြောင်း Matt Dillon က ပြောပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ဝါရှင်တန်မှာလုပ်တဲ့ Refugees International ရဲ့ ရန်ပုံငွေ ရှာပွဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေဆိုးကို သိရလို့ ဂျပန်ပြည်မှာ Wayward Pines ဆိုတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ရိုက်ဖို့ ခရီးစဉ်အတွင်းမှာ မြန်မာ နိုင်ငံက ဒုက္ခသည်စခန်းတွေကို မျက်မြင် ကွင်းဆင်းကြည့်တာလို့ သူက ပြောပါတယ်။