မြန်မာ့ရေပိုင်နက်အနီး လူမှောင်ခိုတွေ ဆက်သောင်းကျန်းနေဆဲ

ပင်လယ်ထဲမှာ ရိုဟင်ဂျာ အများအပြား ရှိနေဆဲ
ဓာတ်ပုံ ပုံစာ, ပင်လယ်ထဲမှာ ရိုဟင်ဂျာ အများအပြား ရှိနေဆဲ

ရခိုင်ပြည်နယ် အုန်းကျွန်း အနီး မှာ လူမှောင်ခို ကူးသူတွေ စက်လှေ ငါးစင်းနဲ့တင် ထားတဲ့ လူ ၂၀၀၀ လောက် ရှိနေပြီး အဲဒီထဲက ထွက်ပြေးဖို့ ကြိုးစားသူ တချို့ပစ်သတ်ခံရတယ် လို့ အဲဒီက ပြန်လွတ်လာသူ တွေက ဘီဘီစီ သတင်းထောက် ကိုပြောပါတယ်။

အုန်းကျွန်း အလွန် မှာရှိတဲ့ ရှီတာလော လို့ ခေါ်တဲ့ နေရာမှာ စက်လှေကြီး ငါးစင်း နဲ့တင်ထားတဲ့ အထဲက လူငါးဦး ထွက်ပြေးဖို့ ကြိုးစား ရာမှာ လူမှောင်ခို သမားတွေက သေနတ်နဲ့ ပစ်လို့ သုံးဦးသေ ပြီး နှစ်ဦး ပျောက်သွား တာကို မျက်မြင်တွေ့ခဲ့ ရတယ်လို့ ပြန်လွတ်လာသူ တဦးဖြစ်တဲ့ ဒီမာမက်က ပြောပါတယ်။

နောက်ပိုင်းမှာ ပျောက်သွား တဲ့သူ နှစ်ဦး ထဲက တဦးကို ပြန်တွေ့တယ်လို့ ဆိုပါတယ်။

မလေးရှား ကို ပို့ပေးမယ် ဆိုပြီး လူပွဲစားတွေ ခေါ်ထားတဲ့ လူ ၂၀၀၀ လောက်ထဲမှာ တဝက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တွေလို့ ဆိုပါတယ်။

သုံးထပ် ရှိတဲ့ စက်လှေ ထဲမှာ လူတွေ ကျပ်ညပ် ပြီးနေကြရတယ်လို့ ဒီမာမက်က ပြောပါတယ်။

စက်လှေပေါ် ရောက်နေသူ တွေဟာ ထမင်းနဲ့ ရေကို တနေ့ကို နှစ်ကြိမ်ဘဲ ရကြတယ်လို့ လည်းဆိုပါတယ်။

မန်စီ ဒုက္ခသည် စခန်းက ကို မာမက်ကို စီးပွားရေး လုပ်ငန်းရှင် တဦးက ငွေနှစ်သိန်းနဲ့ ပြန်ရွေးပေးလို့ လွတ်မြောက်လာ ခဲ့တာ လို့ ဆိုပါတယ်။

နောက်ထပ် လူ ၁၈ ဦးကိုလည်း အဲဒီလုပ်ငန်းရှင် ကဘဲ ပြန်ရွေး ထားလို့ မကြာခင် ပြန်လွတ်လာ လိမ့်မယ်လို့ မျှော်လင့် ရကြောင်း သူက ပြောပါတယ်။