နာမည်ကြောင့် ပြဿနာ တက်ရသူများ

Rohinghas in Aceh

ဓာတ်ပုံ ရင်းမြစ်, b

ဓာတ်ပုံ ပုံစာ, အာချေကို ရောက်လာတဲ့ လှေစီး ဒုက္ခသည်များ

လှေစီး ဒုက္ခသည်တွေအဖြစ် ပင်လယ်ပြင်မှာ ရောက်နေတဲ့သူတွေရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ ပါတ်သက်လို့ ပြောဆိုမှုတွေ ရှိနေချိန်မှာ မြန်မာနိုင်ငံမှာလည်း ဝှိုက်ကတ်တွေ ပြန် သိမ်းပြီးနောက် လာမယ့်လ လောက်မှာ နိုင်ငံသား စိစစ်ရေး စတင်တော့မှာ ဖြစ်လို့ လူမျိုးနာမည် ထည့်ရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

ရိုဟင်ဂျာလို့ အသိအမှတ် မပြုရင် နိုင်ငံသား စိစစ် မခံဘူး ဆိုသူတွေ ရှိသလို ကြားနာမည်သုံးဖို့ တင်ပြသူ လည်းရှိပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် တချို့က အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်ပိုင်း တချို့ကတော့ ကြားနာမည် သုံးမယ်ဆိုရင် လက်ခံနိုင်တယ်လို့ ပြောပါတယ်။

ဘင်္ဂါလီလို့ လက်ခံမယ် ဆိုရင်တော့ ဘယ်နှ ခုနှစ်က ဝင်လာသလဲ ဆိုတဲ့ အဖြေ ပေးဖို့ အခက်အခဲ ရှိတယ်လို့လည်း ပြောနေကြ ပါတယ်။

မြန်မာ နိုင်ငံမှာပဲ မွေးဖွား ခဲ့တာကြောင့် သူတို့ မြန်မာ နိုင်ငံတွင်းကို ဘယ်တုန်းက ဝင်လာတယ် ဆိုတာ မပြောနိုင်ဘူးလို့ ပြောကြတာ ဖြစ်ပါတယ်။

နိုင်ငံသား စိစစ်တဲ့ လျှောက်လွှာမှာ အဲဒီ မေးခွန်းပါပေမယ့် ဒီမှာ မွေးတဲ့သူက ဖြည့်စရာ အကြောင်း မရှိဘူးလို့ ရခိုင်ပြည်နယ် လဝကမှူး ဦးခင်စိုးက ပြောပါတယ်။

အစိုးရ အနေနဲ့ သိလိုတာက မြန်မာ နိုင်ငံမှာ မွေးဖွားသူလား၊ တဘက်နိုင်ငံက လာတာလား ဆိုတာ သိချင်တာဖြစ်ပြီး အဲဒီ မေးခွန်းက တဘက်နိုင်ငံက ဝင်လာသူတွေနဲ့သာ အကျုံးဝင်တယ်လို့ သူက ပြောပါတယ်။

တဘက် နိုင်ငံက ဝင်လာခဲ့တယ် ဆိုရင်တောင် လွတ်လပ်ရေး မတိုင်ခင်က ဝင်ရောက်လာသူတွေ ဆိုရင် နိုင်ငံသား လျှောက်ခွင့် ရှိတယ်လို့ ဦးခင်စိုးက ပြောပါတယ်။

နိုင်ငံသား စိစစ်တဲ့ နေရာမှာ ၁၉၅၄ ခုနှစ်က စတင်ကောက်ထားတဲ့ မှတ်တမ်းတွေအရ စိစစ် သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။