ရိုဟင်ဂျာ လူကုန်ကူးမှု အရေး သံတမန်တွေ မေးခွန်းထုတ်

Minister U Ye Htut

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မြန်မာ နိုင်ငံက လာတဲ့ အထောက်အထား ပြရင် စိစစ် လက်ခံမယ်လို့ ဦးရဲထွဋ်ဆို

ပြည်ထောင်စုဝန်ကြီးတွေက နိုင်ငံတကာ သံအမတ်ကြီးတွေ ကုလသမဂ္ဂက သံတမန်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေကို ရှင်းပြဆွေးနွေးခဲ့ကြ ပါတယ်။

သံတမန်တွေကတော့ လက်ရှိ ဒေသတွင်း ပြသနာဖြစ်လာနေတဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားကို အသွား ကမ်းလွန် ပင်လယ်ပြင်မှာ ဒုက္ခရောက်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာ လူကုန်ကူး ဒုက္ခသည်အရေးကို အဓိကထား မေးမြန်း ခဲ့ကြပါတယ်။

မြန်မာ နိုင်ငံက ထွက်ပြေးတယ် ဆိုတဲ့ ဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေ အနေတွေကြောင့် ထွက်ပြေးကြတာ မဟုတ်ဘဲ လူကုန်ကူးမှု ပြဿနာတွေရဲ့ အကျိုးဆက်သာ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က အဲဒီ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီလူတွေဟာ မြန်မာ နိုင်ငံက လာတာ မှန်တယ် ဆိုတဲ့ အထောက် အထား ပြနိုင်ရင် စိစစ်ပြီး ပြန်လည် ခေါ်ယူမယ်လို့ သူက ပြောပါတယ်။

လှေစီးပြေး ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့ မြန်မာ အစိုးရက နိုင်ငံတကာနဲ့ အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဦးရဲထွဋ်က ပြောပေမဲ့ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မယ် ဆိုတာကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ခံပြီး အသေးစိတ် ညှိနှိုင်း သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ ရေပိုင်နက် အတွင်းမှာ ဒုက္ခရောက်နေကြသူတွေကို တွေ့ရင် လူသားချင်း စာနာတဲ့ အကူအညီပေးဖို့ မြန်မာ ရေတပ်ကို ညွှန်ကြားထားတယ်လို့ တခြား ဝန်ကြီး တစ်ယောက်က ပြောကြောင်း သိရပါတယ်။

မြန်မာ အစိုးရကို ပြစ်တင် ဝေဖန်နေမယ့် အစား အပြုသဘော ဆွေးနွေးမှုတွေကို ကြိုဆိုကြောင်းလည်း အဲဒီ ဝန်ကြီးက ပြောခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

ဒီကိစ္စ အပြင် ရွေးကောက်ပွဲ ကိစ္စ၊ နိုင်ငံသား စိစစ်ရေးနဲ့ White Card ကိစ္စတို့နဲ့ ပတ်သက်လို့လည်း သံတမန်တွေက မေးမြန်းခဲ့ရာမှာ အစိုးရ ဝန်ကြီးတွေက ပြန်လည် ဖြေခဲ့တယ်လို့ သိရပါတယ်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိမ်းနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးခင်ရီ၊ ဦးရဲထွဋ်နဲ့ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့က မြန်မာနိုင်ငံမှာ တာဝန် ထမ်းဆောင် နေကြတဲ့ နိုင်ငံတကာက သံအမတ်ကြီးတွေ၊ ကုလသမဂ္ဂက သံတမန်တွေကို MPC မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံပြီး ရှင်းပြ ခဲ့ကြ တာဖြစ် ပါတယ်။