နမ်းဘီးယားရဲ့ ရခိုင် ခရီးစဉ် ပြီးဆုံး

nambia

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

နှစ်ဘက် အသိုင်းအဝိုင်း နှစ်ခု သင့်မြတ်ရေး ဆွေးနွေး

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ရဲ့ မြန်မာ ပြည်ဆိုင်ရာ အထူး ကိုယ်စားလှယ် နမ်းဘီးယားရဲ့ ခရီးစဉ် ပြီးဆုံး သွားခဲ့ပါပြီ ။

သူရဲ့ ဒီတခေါက် ရခိုင် ပြည်နယ် ခရီးက လှေစီး ဒုက္ခသည်တွေ အရေး အတွက် အဓိက လာရောက် တဲ့ ခရီးစဉ် ဖြစ် တာကြောင့် အဲဒီ ဒုက္ခသည် တွေရှိရာ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကို ရခိုင် ပြည်နယ် ဝန်ကြီးချုပ် နဲ့ အတူ မစ္စတာ နမ်းဘီးယား သွားရောက် ကြည့်ရှု ခဲ့ပါတယ်။

မောင်တော မြို့ ရွှေဝါနဒီ ခန်းမ မှာ ဗုဒ္ဓဘာသာ နဲ့ မွတ်ဆလင် နှစ်ဘက် အသိုင်းအဝိုင်း ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

စစ်တွေကို ပြန်ရောက်ပြီး ညနေပိုင်း မှာ အလိုတော်ပြည့် ဆရာတော်ကြီး ကို တွေ့ဆုံ ကာ လက်ရှိ ရေမျော ဒုက္ခသည် တွေရဲ့ ကိစ္စ၊ နှစ်ဘက် လူမှု အသိုင်းအဝိုင်း နှစ်ခု ကြား သင့်မြတ်ရေး ကိစ္စ၊ ဒေသ အတွင်း ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စ တွေ ကို ဆွေးနွေးခဲ့ပါတယ်။

အလိုတော် ပြည့် ဆရာတော်ကြီး ကတော့ ရခိုင်နဲ့ မွတ်ဆလင် တွေ အကြား ပဋိပက္ခ တွေ ရှိနေပေမယ့် ယာယီ ဒုက္ခသည်စခန်းတွေမှာ ကိုယ့်အလုပ်နဲ့ကိုယ် ရှိနေကြတဲ့ အတွက် လက်ရှိမှာ တည်ငြိမ်မှု ရှိနေတယ်။

မွတ်ဆလင် မှာလည်း ဒုက္ခသည်တွေ ရှိသလို ရခိုင် မှာလည်း ဒုက္ခသည်တွေ ရှိတဲ့ အတွက် အညီအမျှ ကူညီပေးမှု တွေ ပြုလုပ်ရင် ပြဿနာတွေ ဖြစ်ပေါ်စရာ မရှိဘူး လို့ ပြောဆို ခဲ့ပါတယ်။

ကုလ အထူး ကိုယ်စားလှယ် က လူမျိုး အသိုင်းအဝိုင်းနှစ်ခု အကြားမှာ သင့်မြတ်ရေး အတွက် သူလာတိုင်း ပြောဆိုနေတာပါ။

ဒါပေမဲ့ အခုအချိန်ထိ သင့်မြတ်ရေး မဖြစ်နိုင်တဲ့ အခြေခံ အကြောင်းရင်း က အစိုးရက အာဏာရှိ အဖွဲ့အစည်း ဖြစ်လို့ သင့်မြတ်ရေးကို ကနေ့လုပ်ရင် ချက်ချင်း ရနိုင်ပေမယ့် အချိန်ဆွဲ ဆောင်ရွက်မယ် ဆိုရင် မပြေလည် နိုင်ဘူးလို့ မွတ်ဆလင် သဲချောင်း စခန်းက ဦးအောင်ဝင်း က ပြောပါတယ်။

ရခိုင်နဲ့ မွတ်ဆလင်တွေ အကြား ပဋိပက္ခ ဖြစ်ပွားတာဟာ လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ သုံးနှစ်ပြည့်တော့မှာ ဖြစ်ပေမယ့် အခုအချိန်ထိ ဖြေရှင်း မရဘဲ ဖြစ်နေတဲ့ အတွက် ရခိုင်ဒေသ တည်ငြိမ် အေးချမ်းရေးကတော့ မရေရာ တဲ့ အခြေအနေမှာ ရှိနေပါသေးတယ် ။