မုန်းဝန်း( ဗမာ ) လူမျိုးလို့ ထည့်သွင်းဖို့ သမ္မတ ညွှန်ကြား

ကွတ်ခိုင် တာမိုးညဲ ဒေသမှာ အစိုးရနဲ့ နီးစပ်တဲ့ ပြည့်သူ့စစ် အမာခံ တွေကို ပိုမို ဆက်လက် ခိုင်မာ စေလိုတဲ့ အတွက် အစိုးရ အပြောင်းအလဲ မဖြစ်ခင် အခုလို သတ်မှတ် ပေး လာတာ ဆိုပြီး သုံးသပ်မှုတွေ ရှိနေ။
ဓာတ်ပုံ ပုံစာ, ကွတ်ခိုင် တာမိုးညဲ ဒေသမှာ အစိုးရနဲ့ နီးစပ်တဲ့ ပြည့်သူ့စစ် အမာခံ တွေကို ပိုမို ဆက်လက် ခိုင်မာ စေလိုတဲ့ အတွက် အစိုးရ အပြောင်းအလဲ မဖြစ်ခင် အခုလို သတ်မှတ် ပေး လာတာ ဆိုပြီး သုံးသပ်မှုတွေ ရှိနေ။

ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် တာမိုးညဲ ဒေသက မုန်းဝန်း မျိုးနွယ်စု တွေကို မုန်းဝန်း( ဗမာ )လို့ သတ်မှတ် ဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန် အစိုးရ က ဆောင်ရွက် လာပါတယ်။

၁၉၈၂ နိုင်ငံသား ဥပဒေ၊ အခန်း (၂) ပုဒ်မ (၈) အရ နိုင်ငံတော် သမ္မတ ကို ပေးအပ် ထားတဲ့ လုပ်ပိုင် ခွင့် နဲ့ အညီ အခုလို ဆောင်ရွက် တာ ဖြစ်တယ် လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦး မြင့်ကြိုင် က ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ မှာ မုန်းဝန်း (ဗမာ) လူမျိုး ဆိုပြီး တပြေးညီ ထုတ်ပေးဖို့ သမ္မတ ဦးသိန်းစိန် က ညွှန်ကြား ခဲ့တာ ဖြစ်ပါတယ်။

ကွတ်ခိုင် တာမိုးညဲ ဒေသမှာ အစိုးရနဲ့ နီးစပ်တဲ့ ပြည့်သူ့စစ် အမာခံ တွေကို ပိုမို ဆက်လက် ခိုင်မာ စေလိုတဲ့ အတွက် အစိုးရ အပြောင်းအလဲ မဖြစ်ခင် သမ္မတ ဦးသိန်းစိန် အစိုးရက အခုလို သတ်မှတ် ပေး လာတာ ဖြစ်တယ် ဆိုပြီး သတင်းစာ ဆရာ စိုင်းထွန်းအောင်လွင် က သုံးသပ်ပါတယ်။

မြန်မာ နိုင်ငံ မှာ နောက်ဆုံး အကြိမ် သန်းခေါင် စာရင်း ကောက်ယူ ခဲ့တဲ့ ၂၀၁၄ တုန်းက တိုင်းရင်းသား မျိုးနွယ် မဟုတ် သူတွေ ဖြည့်ရတဲ့ နံပါတ် ၉၁၄ နဲ့ မုန်းဝန်း မျိုးနွယ်စု တွေ ဖြည့် ခဲ့ရတာပါ။

အဲဒီ့ မုန်းဝန်း ခေါင်းစဉ် အောက် က သူတွေ အတော်များများ ဟာ တရုတ် လူမျိုး တွေ ဖြစ်ကြတယ် လို့လည်း စိုင်းထွန်းအောင်လွင် က ဆိုပါတယ်။

တာမိုးညဲ ဒေသ မှာ ရှိတဲ့ မုန်းဝန်း ဆိုတဲ့ ရွာ နာမည် ကို အစွဲပြုပြီး အခုလို လူမျိုး နာမည် တစ်မျိုး အနေနဲ့ သုံးစွဲ လာတာ ဖြစ် နိုင်တယ် လို့လည်း ဆိုပါတယ်။

မုန်းဝန်း နာမည် နဲ့ ကွတ်ခိုင် တာမိုးညဲ ဒေသမှာ ဦးရေ ခြောက်သောင်း လောက် ရှိ ခဲ့ ပေမယ့် နောက်ပိုင်း ဝင်လာတဲ့ တရုတ် လူမျိုး တွေ လည်း မုန်းဝန်း နာမည် နဲ့ မူဆယ်- မန္တလေး လမ်း တလျှောက် မြို့ တွေ တိုင်း မှာ ရှိနေကြပြီ လို့ စိုင်းထွန်းအောင်လွင် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ တုန်း ကလည်း ရွှေလီ ဘက်က တရုတ် လူမျိုး တွေကို ကားစင်းလိုက် တွေ နဲ့ ခေါ်လာကာ မုန်းဝန်း နာမည် နဲ့ နိုင်ငံသားကတ် တွေ ထုတ် ပေးပြီး မဲ ပေး ခိုင်း ခဲ့တယ် ဆိုတဲ့ ပြောဆိုမှု တွေ လည်း ရှိနေပါတယ်။