ရွှေ့ပြောင်း ဒုက္ခသည် ၇၀၀ ကျော်ကို အင်ဒို ကယ်တင်

အာချေးဒေသကို ရောက်လာသူတွေထဲမှာ ၈ ဦးက အသည်းအသန် ဖြစ်နေတယ်လို့ ဆို။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အာချေးဒေသကို ရောက်လာသူတွေထဲမှာ ၈ ဦးက အသည်းအသန် ဖြစ်နေတယ်လို့ ဆို။

အင်ဒိုနီးရှား ကမ်းလွန်မှာ နစ်မြုပ်နေတဲ့ စက်လှေ တစ်စီး ပေါ်ကနေ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နိုင်ငံတွေက ရွှေ့ပြောင်း ဒုက္ခသည် ၇၀၀ ကျော်ကို ဒေသခံ ငါးဖမ်းလှေတွေရဲ့ အကူအညီနဲ့ အာချေးဒေသကို ပို့ဆောင် ကယ်တင် ခဲ့တယ်လို့ သိရှိရပါတယ်။

တခြား စက်လှေ တစ်စီးကိုတော့ အင်ဒိုနီးရှား ရေတပ်က မောင်းထုတ် ခဲ့တယ်လို့ သတင်းတွေက ပြောပါတယ်။

ထိုင်းကမ်းလွန်မှာ မျောနေခဲ့တဲ့ စက်လှေ တစ်စီးကိုတော့ ထိုင်းရေတပ်က စက်ပြင် ပေးပြီးနောက် ထိုင်းရေပိုင်နက် အပြင်ကို ဆွဲထုတ် ခံခဲ့ရကာ သူတို့ရဲ့ ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကပ္ပလီ ပင်လယ်ပြင် အတွင်းမှာ စက်လှေတွေနဲ့ မျောပါနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည် စုစုပေါင်း ၆ ထောင်လောက် ရှိနေတယ်လို့ ယုံကြည်ရပြီး အဲဒီ ဒုက္ခသည်တွေကို ပတ်ဝန်းကျင် နိုင်ငံတွေက သူ့ဘက် ကိုယ့်ဘက် အပြန်အလှန် ပုတ်ထုတ် နေတာတွေ အဆုံးသတ်ကြဖို့လည်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch က သတိပေး လိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး Zeid Ra'ad Al Hussein ကလည်း ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေ အနေနဲ့ အဲဒီ ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ဖို့သာ ဦးစားပေး လုပ်ဆောင် သင့်တယ်လို့ တိုက်တွန်းလိုက်ပြီး၊ မြန်မာ အစိုးရ အနေနဲ့လည်း ရိုဟင်ဂျာတွေ ရင်ဆိုင် နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေကို ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ ပြောလိုက်ပါတယ်။