လှေစီး ဒုက္ခသည်တွေကို ငြင်းပယ်မှု ကုလ ရှုတ်ချ

ပင်လယ်ထဲက စက်လှေတွေပေါ်မှာ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ပိတ်မိနေဟု ယုံကြည်ရ။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပင်လယ်ထဲက စက်လှေတွေပေါ်မှာ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ပိတ်မိနေဟု ယုံကြည်ရ။

ပင်လယ်ထဲမှာ ဒုက္ခရောက်နေကြတဲ့ ထောင်နဲ့ချီတဲ့ လှေစီး ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ ငြင်းဆန် နေတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေကို ကုလ သမဂ္ဂက ရှုတ်ချ လိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လှေစီး ဒုက္ခသည် ၇၀၀ ကျော် အင်ဒိုနီးရှား နိုင်ငံ၊ အာချေး ဒေသကို ရောက်ရှိ သွားခဲ့ပြီး နောက်ပိုင်း ဒီသတင်းပတ် အကုန်မှာ ဒုက္ခသည်တွေကို ထပ်မံ ကယ်တင်မှု မရှိခဲ့တာဟာ မကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ဘန်ကောက်မှာ ရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ရဲ့ ပြောခွင့်ရသူ Vivian Tan က ပြောပါတယ်။

UNHCR အနေနဲ့ အဲဒီ ဒုက္ခသည်တွေကို မှတ်ပုံတင် နိုင်ဖို့နဲ့ လိုအပ်တာတွေကို စိစစ် အဖြေရှာဖို့ အစိုးရတွေကို ကူညီသွားမှာ ဖြစ်ပေမယ့် ပတ်ဝန်းကျင် နိုင်ငံတွေ အနေနဲ့ အဲဒီ ဒုက္ခသည်တွေကို အရင်ဆုံး ကယ်ဆယ်ဖို့ လိုပါတယ်လို့ သူက ပြောပါတယ်။

အင်ဒိုနီးရှား အစိုးရကတော့ နစ်မြုပ်နေတဲ့ စက်လှေ၊ ဒါမှမဟုတ် ရေနစ်နေတဲ့ လူတွေက လွဲလို့ ပင်လယ်ထဲ မျောနေတဲ့ လှေစီး ဒုက္ခသည်တွေကို မကယ်တင်ဖို့ ပြောထားကြောင်း အင်ဒိုနီးရှား ငါးဖမ်းသမား တွေက ပြန်ပြောပါတယ်။

အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှား နိုင်ငံတွေရဲ့ ပိုင်နက် ပင်လယ်ပြင်ထဲမှာ ထောင်နဲ့ချီတဲ့ လှေစီး ဒုက္ခသည်တွေ ပိတ်မိ နေကြတယ်လို့ ယူဆရပြီး သူတို့ နိုင်ငံ ကမ်းခြေတွေကို ချဉ်းကပ် လာကြတဲ့ စက်လှေတွေကို အဲဒီ သုံးနိုင်ငံစလုံးက ပင်လယ်ထဲ ပြန်မောင်းထုတ် ခဲ့ကြပါတယ်။

အဲဒီ လှေစီး ဒုက္ခသည်တွေဟာ မြန်မာ နိုင်ငံနဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံတို့မှာ နှိပ်ကွပ်မှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ထွက်ပြေး လာကြသူတွေ ဖြစ်ကြပါတယ်။

မြန်မာ အစိုးရကတော့ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးကြတဲ့ ဒုက္ခသည် ပြဿနာဟာ လူကုန်ကူးမှု ပြသနာသာ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆို ထားပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးတယ် ဆိုတဲ့ ဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေ တွေကြောင့် ထွက်ပြေးကြတာ မဟုတ်ဘဲ လူကုန်ကူးမှု ပြဿနာတွေရဲ့ အကျိုးဆက်သာ ဖြစ်ကြောင်း၊ ဒီလူတွေဟာ မြန်မာ နိုင်ငံက လာတာ မှန်တယ် ဆိုတဲ့ အထောက်အထား ပြနိုင်ရင် စိစစ်ပြီး ပြန်လည် ခေါ်ယူမှာ ဖြစ်ကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြည်ပ သံတမန်တွေ၊ ကုလ သမဂ္ဂ အရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

လှေစီး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ အနေနဲ့ ပိုမို တာဝန်ယူ ကိုင်တွယ် ဖြေရှင်းဖို့ တိုက်တွန်း ပြောဆိုမှုတွနဲ့ ပြစ်တင် ပြောဆိုမှုတွေကိုတော့ မြန်မာ အစိုးရက ပယ်ချခဲ့ပါတယ်။