ပေါက်တောက ထွက်ပြေးသူတွေ ရှိနေသလား

rohingya_

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂ဝ၁၂ အဓိကရုဏ်းမှာ ပျက်စီးခဲ့တဲ့ ပေါက်တော

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် ရေပိုင်နက် ထဲက အုန်းကျွန်း နားက စက်လှေ ၅ စင်း ပေါ်မှာ လူနှစ်ထောင် ကျော် ကို လူကုန်ကူး ဖို့ ကြိုးစား နေတာက တယောက်ကို ၂ သိန်းနဲ့ ပေးပြီး ပြန်ရွေးလို့ လူ ၁၈ ယောက် ပြန်လွတ် လာတယ် လို့ သိရပါတယ်။

ဒီလူတွေဟာ ပေါက်တော ဘက်က ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။

ပေါက်တော မြို့နယ် က ဒုက္ခသည် စခန်း တွေဟာ ပင်လယ်နဲ့ နီးလို့ လှေနဲ့ ပြေးလို့ လွယ်တယ်၊ ပြေးနေတယ် လို့လည်း ကြားရတယ်လို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောပါတယ်။

ဒီဒုက္ခသည် တွေ ဟာ အရင်ကလည်း ငါးဖမ်းတဲ့ ရွာတွေ က ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ သွားလာ နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ပြည်ပ အဆက်အသွယ်တွေ ရပြီး အင်ဒိုနီးရှား၊ မလေးရှား ဘက်ကို ငါးဖမ်းလှေ တွေနဲ့ သွားတာတွေ ရှိတယ်လို့ သိရပါတယ်။

၂ဝ၁၂ အဓိကရုဏ်း တွေ နောက်ပိုင်း ပေါက်တောမှာ ကျောက်ဖြူ ဘက်က လာပြီး ခိုလှုံ နေကြတဲ့ မွတ်ဆလင် တွေလည်း ရှိပြီး စခန်း ၄ ခုမှာ လူ နှစ်သောင်း လောက် ရှိမယ်လို့ ဦးတက်ထွန်း အောင်က ပြော ပါတယ်။

ဒီစခန်း တွေက လောလောဆယ် ထွက်ပြေးသူ၊ ပြန်ဝင်လာသူ ရှိမရှိတော့ မသိနိုင်ပါဘူး။

လောလောဆယ်မှာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတွေက ဒီဒုက္ခသည် တွေကို လက်မခံဘဲ ငြင်းဆန် နေကြလို့ ပင်လယ်မှာ မျောပါနေသူ ထောင်ချီ ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။