OIC က ရခိုင်ဒေသကို ကူဖို့အသင့် လို့ ပြော

140519233822_bbc_304x171
ဓာတ်ပုံ ပုံစာ, OIC ကို ရခိုင်ဒေသခံ ကန့်ကွက်

ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ရခိုင်ဒေသ မှာ လူသားချင်း စာနာ တဲ့ အကူအညီတွေ ဆောင်ရွက်ဖို့ အတွက် OIC အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ က မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Syed Hamid Alba ကို အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ပါတယ်။

OIC အဖွဲ့ အနေနဲ့ ရခိုင်ဒေသကို သွားရောက်ခွင့် ရခဲ့ပြီး အဲဒီမှာ လူသားချင်း စာနာတဲ့ လုပ်ငန်းတွေ လုပ်နိုင်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ စကားပြောဆိုခွင့် ရခဲ့ပုံ၊ OIC အဖွဲ့က ဘာတွေ လုပ်နေသလဲ ဆိုတာရယ်၊ OIC အဖွဲ့ အပေါ် အထင်အမြင် လွဲမှား နေတာတွေကို ရှင်းပြ မှာပါ လို့ Syed Hamid Alba က ဘီဘီစီ ကို ပြောပါတယ်။

ဒီဒေသမှာ ဒုက္ခရောက်နေသူ တွေကို OIC အနေနဲ့ လူသားချင်း စာနာတဲ့ အကူအညီ တွေ ပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတာရယ်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်း မှာ လည်း ပါဝင် လာနေလို့၊ ပြုပြင် ပြောင်းလဲရေး တွေလည်း လုပ်နေပြီ ဆိုတော့၊ ကမ္ဘာ့ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံ က သဟဇာတ ရှိတယ်၊ ငြိမ်းချမ်း တည်ငြိမ် တဲ့ နိုင်ငံတခု ဖြစ်တယ် ဆိုတာ မြင်ချင် နေ ကြတယ်၊ ဘာသာ အယူ၊ မတူကွဲပြားတဲ့ အုပ်စုတွေကြား မှာ နားလည်မှု ရှိလာရေး မှာ OIC အနေ နဲ့ တစိတ်တပိုင်း ပါဝင် ဆောင်ရွက် ဖို့ ဖြစ်ပါတယ် လို့ လည်း ရှင်းပြပါတယ်။

အခုလို တာဝန်ပေးအပ် ခံခဲ့ ရတာနဲ့ ပတ်သက်ပြီးတော့၊ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆွေးနွေးမဲ့ အကြောင်း၊ ရခိုင်ဒေသမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဆိုတာရယ်၊ OIC အနေနဲ့ ပြည်တွင်းမှာ ရုံးဖွင့် ဆောင်ရွက်ခွင့် ရချင်တဲ့ အတွက် ဆွေးနွေးယင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ OIC က ဘယ်လို အကျိုးရှိရှိ ဆောင်ရွက် မလဲ မြန်မာအစိုးရ ကို ဘယ်လို ကူညီမလဲဆိုတာတွေကို မြန်မာအစိုးရကို ဆက်သွယ်ပြီး ပြောပြသွား မှာလို့ လည်း ပြောပါတယ်။

OIC ဟာ ဘက်လိုက်တယ် ဆိုပြီး မြန်မာအစိုးရကရော ဒေသခံတွေကပါ သံသယတွေ ရှိနေတယ်ဆိုတော့ ဒီသံသယတွေကို ဖြေဖျောက်ဖို့၊ ဒီပဋိပက္ခအရေးကို စိတ်ဝင်တစား ကူညီ ဖြေရှင်းပေးလိုသူတွေ၊ NGO အဖွဲ့တွေ နိုင်ငံရေး ပါတီတွေ နဲ့ ကိုယ်တိုင် တွေ့ဆုံ စကားပြောနိုင်မယ်လို့ မျှော်လင့်ထားပြီး၊ သူ့အနေနဲ့ ဒီပဋိပက္ခအရေးကို ဖြေရှင်းပေးလိုတယ် ဒုက္ခရောက်နေသူတွေကို အကူအညီပေးလိုတယ် ဒါ့ကြောင့် မကောင်းတဲ့ ဘက်ကမမြင်ပဲ တဘက်နဲ့ တဘက် နားလည် မှုတွ ရှိဖို့ လိုတယ် လို့ လည်း Syed Hamid Alba က ပြောပါတယ်။

ဒီကိစ္စမှာ ပူးပေါင်း ဆောင်ရွက်တဲ့သူတွေအနေနဲ့လည်း အဆိုးဘက်က အမြင်မျိုး မထားသင့်ပါသလို၊ OIC နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အရေး ပေးသင့်ပုံ၊ ဖိလစ်ပိုင်၊ အာဖရိက စတဲ့ တခြားနေရာဒေသတွေမှာလည်း OIC က ပဋိပက္ခအရေးတွေ ဖြေရှင်း ဆောင်ရွက်ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ကို Syed Hamid Alba က ပြောပါတယ်။