လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် ရန်ကုန် ရောက်

လူမျိုးစု နှစ်ခု အတူယှဉ်တွဲ နေနိုင်ရေး အလှမ်း ဝေးဆဲ

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, လူမျိုးစု နှစ်ခု အတူယှဉ်တွဲ နေနိုင်ရေး အလှမ်း ဝေးဆဲ

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလည် အသစ် ဖြစ်တဲ့ မစ္စ ယန်ဟီ လီ ဟာ ဗုဒ္ဓဟူးနေ့ ညမှာ မြန်မာ နိုင်ငံကို ရောက်ရှိ လာပါတယ်။

သူ ဟာ လူမျိုးရေး ဘာသာရေး ဆိုင်ရာ ပဋိပက္ခ တွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် နဲ့ စစ်ပွဲတွေ ဖြစ်ခဲ့တဲ့ ကချင် ပြည်နယ် တွေ ကို သွားဖို့ စီစဉ် ထားပါတယ်။

ဘာသာရေး မငြိမ်မသက် မှုတွေ လောလော လတ်လတ် ဖြစ်ခဲ့တဲ့ မန္တလေး ကို လည်း သူ သွားချင် တယ် လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မှာတော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီး ခဲ့တဲ့နောက်ပိုင်း လူ့အဖွဲ့အစည်း နှစ်ခုကြား ပြန်လည် ပေါင်းစည်းရေး ဟာ အလှမ်းဝေး နေဆဲ ဖြစ်ပါတယ်။

စစ်တွေ မြို့မိမြို့ဖတဦး ဖြစ်တဲ့ ဦးသန်းထွန်းက "အခု ရခိုင်နဲ့ ဘင်္ဂလီ နှစ်ဖက်လုံး ဟာ တဦးနဲ့ တဦး အတူယှဉ်တွဲ နေထိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် တော့ဘူး" လို့ ပြောပါတယ်။

ကျောက်ဖြူမြို့ အနီးက ကျောက်တလုံး ဒုက္ခသည် စခန်းမှာတော့ ကမန် နဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၄၀၀ ကျော်ဟာ ပြီးခဲ့တဲ့ နှစ်ပတ် အတွင်း ရိက္ခာ ထောက်ပံ့မှု မရတာကြောင့် ဆန်ပြုတ် သောက်ရတဲ့ အခြေ အနေ ရောက်ခဲ့ ရတယ်လို့ စခန်းတာဝန်ခံ တဦးက ဘီဘီစီ ကို ပြောပြ ပါတယ်။

သူတို့ အနေနဲ့ မြို့ပေါ်မှာရှိတဲ့ သူတို့ရဲ့ အိမ်၊ စျေးဆိုင် စတဲ့ပိုင်ဆိုင်မှု တွေကိုလည်း ရောင်းချခွင့် ရချင်ပေမယ့် အစိုးရဖက်က ခွင့်မပြုဘူးလို့ သူကဆိုပါတယ်။

ဒီနေ့မှာတော့ ကုလသမဂ္ဂ ကပို့တဲ့ ရိက္ခာတွေ ဆိပ်ကမ်းကို ရောက်လာပြီလို့ ဆိုပါတယ်။