မောင်တော သင်္ကြန် ပဋိပက္ခ ဖြစ်

မောင်တောမြို့မှာ ပဋိပက္ခတွေ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ
ဓာတ်ပုံ ပုံစာ, မောင်တောမြို့မှာ ပဋိပက္ခတွေ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ

မြန်မာနိုင်ငံ တဝှမ်း နှစ်သစ်ကူး ကာလမှာ ငြိမ်းချမ်း ပျော်ရွှင်စွာနဲ့ သင်္ကြန် ပွဲတော် ဆင်နွှဲနေချိန်မှာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့မှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ရခိုင်လူငယ်တွေ အကြား ခိုက်ရန် ဖြစ်ပွားရာကနေ လူစုလူဝေး ဖြစ်လာတဲ့ အတွက် တပ်ကနေ ဝင်ရောက် ထိန်းသိမ်းခဲ့ရတဲ့ အခြေအနေ အထိ ရောက်ခဲ့ပါတယ်။

အင်္ဂါနေ့ ညနေက ဘူးသီးတောင်မြို့ကနေ သင်္ကြန် ရေကစားပြီး မောင်တောမြို့ကို ကားနဲ့ ပြန်လာတဲ့ ဒေသခံ လူငယ်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တို့ အကြား ရိုက်နှက်မှု ဖြစ်ရာကနေ လူစု လူဝေး ဖြစ်ပွားခဲ့တဲ့ အထိ ပြသနာ ကြီးကျယ်ခဲ့ရပါတယ်။

မောင်တော အဝင် သုံးမိုင်ဂိတ်မှာ မိန်းခလေးတွေကို ရေပက် ကစားရာကနေ ကိုယ်ထိ လက်ရောက် စော်ကားမှုတွေရှိလာတာကို ဟန့်တားခဲ့တဲ့ ရခိုင် လူငယ်တွေကို နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့ကြောင်းနဲ့ အဲဒီ့နောက်မှာ မောင်တော မြို့ထဲကို နောက်ထပ် တပ်ဖွဲ့ဝင် လေးဆယ်ခန့်က ကားသုံးစီးနဲ့ ချက်ချင်း ဝင်ရောက်လာပြီး ကားတွေကို ရိုက်ခွဲခဲ့သလို မဆိုင်သူတွေကို ရိုက်နှက်ခဲ့တယ်လို့ အဲဒီ ပဋိပက္ခမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ဒေသခံ လူငယ် တစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အတည်ပြုချက် ရယူဖို့ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ တာဝန်ရှိသူတွေကိုပါ ဖုန်းဆက်မေးဖို့ ဘီဘီစီက ကြိုးစားခဲ့ပေမယ့် ပြန်လည် ဖုန်းဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

မြို့နယ် ရဲစခန်းကို ဆက်သွယ် မေးမြန်းခဲ့တဲ့အခါမှာလည်း ဖုန်းကိုင်သူ ရဲက ဒီကိစ္စကို သူတို့ ဘာမှ မသိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီလို ပဋိပက္ခတွေ ဖြစ်ခဲ့အပြီး မောင်တောမြို့တွင်းမှာ လူ နှစ်ရာလောက် လူစုလူဝေးနဲ့ စုရုံး ရောက်ရှိလာခဲ့ပါတယ်။

အဲဒီနောက်မှာ ဒေသအခြေစိုက် ဗျူဟာမှူး ကိုယ်တိုင် ည၁၀ နာရီကျော်လောက်မှာ အင်အား ၂၀ ခန့်နဲ့ မောင်တောမြို့ထဲကို ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်။

မောင်တောမြို့မှာ နေထိုင်နေကြတဲ့ ရခိုင် တိုင်းရင်းသားတွေဟာ လူနည်းစု ဖြစ်ပြီး ခုလို ပြဿနာတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် စိုးရိမ်မှုတွေလည်း တိုးပွားနေတယ်လို့ သိရပါတယ်။