မြန်မာ လူ့အခွင့်အရေး ကော်မရှင် အသစ်ဖွဲ့ဖို့ အရပ်ဘက် အဖွဲ့တွေ တောင်းဆို

_hr_commission

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကော်မရှင် အဖွဲ့ဝင်တွေကို အရေးယူဖို့ အရေးတကြီး အဆိုကိုလည်း လွှတ်တော်က အတည်ပြု ခဲ့။

မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို လူအသစ်တွေ နဲ့ ပြောင်းလဲ ဖွဲ့စည်းဖို့ အရပ်ဘက် လူမှု အဖွဲ့အစည်း ၁၄၂ ဖွဲ့က စုပေါင်း တောင်းဆို လိုက်ကြ ပါတယ်။

ရန်ကုန်မြို့ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် တွေက အိမ်အကူ မိန်းကလေးငယ် နှစ်ယောက်ကို ညှင်းပမ်း နှိပ်စက်ပြီး ကျွန်သဖွယ် ခိုင်းစေခဲ့တယ် ဆိုတဲ့ အမှု မှာ လူ့ အခွင့်အရေး ကော်မရှင် က ငွေကြေးနဲ့ ကြေအေး စေခဲ့တယ် ဆိုတဲ့ အချက် ထွက်ပေါ် လာခဲ့ပြီး ဖြစ်ပေါ် လာတဲ့ နောက်ဆက်တွဲ ဂယက် တွေထဲ အခုလို အရပ်ဘက် အဖွဲ့အစည်း တွေရဲ့ တောင်းဆိုသံပါ ပါဝင် လာတာ ဖြစ်ပါတယ်။

လူ့ အခွင့်အရေး ကော်မရှင် မှာ လက်ရှိ ပါဝင် နေတဲ့ သူတွေရဲ့ အတွေ့အကြုံ၊ ဗဟုသုတနဲ့ လူ့ အခွင့်အရေး အပေါ်ကျွမ်းကျင် နှံ့စပ် မှု စတာတွေ နဲ့ ပတ်သက်လို့ မေးခွန်း ထုတ် စရာ ဖြစ် နေတဲ့ အတွက် ကော်မရှင် ကို အသစ် ပြန်လည် ဖွဲ့စည်းဖို့ တောင်းဆိုရတာ ဖြစ်တယ် ဆိုပြီး ညီမျှခြင်း မြန်မာ (Equality Myanmar) အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်း က ဘီဘီစီကို ပြောပါတယ်။

အဲဒီ့ အမှု ကိစ္စထဲ ပါဝင် နေတဲ့ ကော်မရှင် အဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူဖို့ လွှတ်တော်တွင်း အရေးတကြီး အဆိုကိုလည်း အခု သီတင်းပတ် အစောပိုင်းကပဲ လွှတ်တော်က အတည်ပြု ခဲ့ပြီ ဖြစ်ပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မတွေ နဲ့ ဖမ်းဆီး တရားစွဲဆို ခံထားရတဲ့ အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင် ၅ ဦး ကို ဒီကနေ့ စက်တင်ဘာ ၂၉ ရက် နေ့မှာ ဒုတိယ အကြိမ် ရုံးထုတ် ဖို့ ရှိ နေပါတယ်။