မဟန အဖွဲ့၀င်တွေကို သံဃထုက ရွေးကောက်တာ မဟုတ်ဘူးလို့ ဦးဝီရသူပြော

ဦးဝီရသူ
ဓာတ်ပုံ ပုံစာ, မဘသ သံဃာတွေ အနေနဲ့ မဟနထဲ ဝင်ရောက်ဖို့ မလိုအပ်

မဟန ဆိုပြီး အတိုကောက် ခေါ်ကြတဲ့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော်တွေဟာ သံဃထု တစ်ရပ်လုံးက ရွေးကောက်တင်မြှောက် ထားတာ မဟုတ်ပဲ၊ အလွမ်းသင့်ရာ သူတွေကိုသာ ရွေးချယ် ထားတာ ဖြစ်တယ် ဆိုပြီး အမျိုးသားရေး ပြင်းထန်သူ အဖြစ် ရှုမြင် ခံရတဲ့ မန္တလေးက ဆရာတော် ဦးဝီရသူက ဝေဖန် လိုက်ပါတယ်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ မဘသ သံဃာတွေ အနေနဲ့ မဟန ဖြစ်ချင်ရင် ရွေးကောက်ပွဲ ဝင်ပြိုင်ပါ ဆိုပြီး မဟန ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး မိန့်ထားတဲ့ ဗီဒီယိုဖိုင် ပေါ်ထွက် လာခဲ့တဲ့နောက် ဦးဝီရသူက အခုလို တုံ့ပြန်တာ ဖြစ်ပါတယ်။

လက်ရှိ မဟန ဆရာတော်တွေကိုယ်တိုင် တရားမဝင် ဘူး ဆိုပြီး ဦးဝီရသူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

မဘသ အဖွဲ့ ဆိုတာ မဟနနဲ့ စင်ပြိုင် ဖွဲ့ထားတာ မဟုတ်သလို၊ ဦးတည်ချက် ရည်ရွယ်ချက်ခြင်း မတူတဲ့ အတွက် မဘသ သံဃာတွေ အနေနဲ့ မဟနထဲ ဝင်ရောက်ဖို့ မလိုအပ်ဘူး ဆိုပြီး ဦးဝီရသူက ဘီဘီစီကို မိန့်ပါတယ်။

မဘသ အဖွဲ့တွေ ဖျက်သိမ်းရမယ်၊ ဆိုင်းဘုဒ်တွေ ဖြုတ်ချ ရမယ် ဆိုပြီး မဟန အဖွဲ့က ဆုံးဖြတ်ချက် ညွှန်ကြားလွှာ ထုတ်ထားပြီး အဲဒီ ညွှန်ကြားလွှာကို အစိုးရဘက်ကလည်း အာဏာစက်သုံး ပြီး တည်စေမယ် ဆိုတဲ့ သဘောထားမျိုး ထုတ်ပြန် ထားပါတယ်။

ဒီလို မဟနနဲ့ အစိုးရ သာသာနာရေး ဌာနတို့ရဲ့ ထုတ်ပြန်ချက်တွေကို ဆရာတော် ဦးဝီရသူ အပါအဝင် မဘသ ဆရာတော် တချို့က မလိုက်နာ နိုင်ဘူး ဆိုပြီး ပြန်လည် တုံ့ပြန် ထားကြ ပါတယ်။