မြန်မာ-ဘင်္ဂလားဒေ့ရှ် သံတမန် ဆက်ဆံရေး အဖုအထစ် ဖြစ်လာပြန်

မြန်မာ-ဘင်္ဂလားဒေ့ရှ်
ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်

မြန်မာရဲ့ စစ်တပ်သုံး ဒရုန်း ယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ၃ ရက် ကျူးကျော် ဝင်ရောက်ခဲ့တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်က ကန့်ကွက် လာပါတယ်။

စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းက ဒါကာမြို့ မြန်မာသံရုံးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ရုံးက အကြောင်းကြားလာတာ ဖြစ်ပါတယ်။

ဒီလို တစ်ဘက်နိုင်ငံက ပြောဆိုလာတဲ့ အချက်ကို မြန်မာ နိုင်ငံခြားရေး ဌာန အနေနဲ့ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနထံ အသိပေးသွားမယ်လို့ နိုင်ငံခြားရေးရုံး ပထမ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ဆိုပါတယ်။

ဒရုန်းယာဉ်ပျံနဲ့ ပတ်သက်ပြီး မြန်မာဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်ပိုင် ဝေဟင်ထဲ ဝင်ရောက်မှု တကယ်ရှိခဲ့လား၊ ရှိခဲ့ရင်လည်း ဘယ်သူပိုင် ဒရုန်းတွေ ဖြစ်မလဲ ဆိုတာမျိုးတွေကို အသေအချာ ဆန်းစစ်ဖို့ လိုတယ် ဆိုပြီး နိုင်ငံခြားရေးရုံး ပြောခွင့်ရ ဦးကျော်ဇေယျက ဘီဘီစီကို ပြောပါတယ်။

မြန်မာ ရဟတ်ယာဉ်တွေ နယ်စပ်ဖြတ်ကျော် ဝင်ခဲ့တယ် ဆိုတဲ့ ပြောဆိုမှုမျိုး အရင်တုန်းကလည်း ရှိခဲ့ဖူးပြီး၊ မြန်မာ ကာကွယ်ရေး ဌာနက စိစစ်မှုတွေ ပြုလုပ်ကာ မဟုတ်မှန်ကြောင်း တုံ့ပြန် ခဲ့ရဖူးတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ၊ နှစ်နိုင်ငံကြား အပြန်အလှန် ပြောဆိုမှုတွေ ရှိနေတုန်းမှာပဲ အခုလို သံတမန် ဆက်ဆံရေး အဖုအထစ် ဖြစ်လာ ပြန်ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ သူတို့ ဝေဟင်ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တာဟာ မြန်မာဘက်က ရန်စ ကျူးလွန်ရာ ရောက်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ပြောထားပါတယ်။