လူမျိုးရေးကြောင့် ဖြစ်တဲ့ တိုက်ပွဲမဟုတ်ဘူးလို့ ရက္ခိုင့်တပ်မတော် အေအေက ပြော

ရခိုင်ပြည်မှာ ရခိုင်တပ်မတော်တည်ရှိရေး ဟာALAရည်မှန်းချက် လို့ပြော

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော်တည်ရှိရေးဟာ ULA ရည်မှန်းချက်လို့ အေအေက ဗိုလ်မှူးကြီး ကျော်ဟန်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး လူမျိုးရေးခွဲခြားပြောဆိုမှုတွေ ရှိနေပြီး အေအေကတော့ ဒီတိုက်ပွဲတွေက လူမျိုးရေးကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့က နေပြည်တော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နဲ့ NCA အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ တွေ့ဆုံပွဲအပြီးမှာ အေအေ ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ဟန်က မီဒီယာတွေကို ပြောတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်လို့ လူမျိုးရေးခွဲခြားပြောဆိုမှုတွေကို အထူးသဖြင့် အင်တာနက် လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန် တွေ့နေရပါတယ်။

ဗိုလ်မှူးကြီး ကျော်ဟန်ကတော့ "ကျွန်တော်တို့ကတော့ အစိုးရတပ်မတော်နဲ့ ကိုယ့်ပြည်ကိုယ့်ရွာကိုယ့်လူထုကို ကာကွယ်လိုတဲ့ ကျွန်တော်တို့ တပ်မတော်ကြား ဖြစ်တဲ့ တိုက်ပွဲဖြစ်တယ်။ လူမျိုးရေးပဋိပက္ခ၊ လူမျိုးရေး ပြဿနာလို့ မယူဆဘူး'' လို့ ပြောပါတယ်။

မြန်မာပြည်မှာဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင်စစ်တလင်းဟာ အခု ဆိုရင် နှစ်ပေါင်း ၇၀ နီးပါးရှိလာပြီဖြစ်ပြီး အများအားဖြင့် အစိုးရတပ်မတော်နဲ့ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖြစ်ပွားနေခဲ့တာပါ။ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်တစ်ခုလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေချဖို့ကြိုးစားခြင်းဟာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/HEIN HTET

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေချဖို့ကြိုးစားခြင်းဟာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

အေအေက ရခိုင်မှာ အခြေချမယ်ပြော

ဆယ်စုနှစ်တစ်ခုလောက်ပဲ သက်တမ်းရှိသေးတဲ့ အေအေ အဖွဲ့က ဒီနှစ်ဆန်းကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ အခြေချဖို့က သူတို့ရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ ဗိုလ်မှူးကြီးကျော်ဟန်က ပြောပါတယ်။

"ရက္ခိုင့်တပ်မတော် ရခိုင်ပြည်နယ်မှာရှိနေတာကို တပ်မတော်ဘက်က လက်မခံတဲ့သဘောလို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တွေအဖို့ကတော့ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်တည်ရှိရေးဟာ ULA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်) ရည်မှန်းချက် ဖြစ်ပါတယ်။''

တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ NRPC ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက မိန့်ခွန်း ပြောကြားရာမှာတော့ ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေဖြစ်ပြီး အခုလိုလက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေချဖို့ကြိုးစားခြင်းဟာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် အစိုးရဘက်က ထိုက်သင့်တဲ့ လုံခြုံရေး ဆောင်ရွက်ချက်တွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒီအဖွဲ့ ၈ ဖွဲ့ နဲ့ အစိုးရတို့ ပထမဆုံးတွေ့ဆုံတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ဒီအဖွဲ့ ၈ ဖွဲ့ နဲ့ အစိုးရတို့ ပထမဆုံးတွေ့ဆုံတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ လျှော့ချနိုင်မလား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီဆွေးနွေးပွဲအပြီးမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း အခု တိုက်ပွဲဟာ သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး အနေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ အစိုးရဘက်က ညွှန်ကြားထားသလို တပ်မတော်ဘက်ကလည်း လုပ်ဆောင်နေတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

ဒါပေမယ့် အခုလို ဆွေးနွေးပွဲတွေကတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေ လျှော့ချနိုင်ဖို့ မျှော်လင့်ကြောင်း နှစ်ဘက်စလုံးက ပြောပါတယ်။

"အရင်က စကားမပြောဘဲ နေခဲ့တာကနေ အခု ဆွေးနွေးလာတယ်။ ပြီးရင် ထပ်ပြီး ဆွေးနွေးဖို့တော့ လိုတယ်။ အရင်ထက်တော့ တိုးတက်မှုရှိပါတယ်"လို့ ဗိုလ်မှူးကြီးကျော်ဟန်က ပြောပါတယ်။

အခု တွေ့ဆုံမှုဟာ တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့စလုံးနဲ့ အစိုးရတို့ကြား ပထမဆုံး တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ဘက်ကတော့ ၂ လတစ်ကြိမ် တွေ့ဆုံဖို့ အဆိုပြုခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ တိုက်ပွဲတွေလျှော့ချဖို့အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့၊ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းဖို့၊ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေအတွက် နှစ်ဘက်စလုံးက အလေးထားဆောင်ရွက်ဖို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းဖို့၊ နှစ်ဘက်ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏ ဆက်လုပ်ဖို့ ဆိုတဲ့ အချက် ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။

"ဒီနေ့ဆွေးနွေးပွဲအရရော ဒီနေ့ထုတ်ပြန်ချက်အရရော လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲလျှော့ချရေး ဆက်လက် ညှိနှိုင်းကြိုးပမ်းရန် ဆိုတဲ့ အချက်တစ်ချက် ပါတယ်။ ဒီအချက်ကို နှစ်ဘက်လုံးက စေတနာမှန်မှန်ကန်ကန် အကောင်အထည်ဖော်ကြမယ်ဆိုရင်တော့ တိုက်ပွဲတွေက နှစ်ဘက်စလုံးကနေ လျော့ကျဖို့ အလားလာရှိတယ်။ ဒီနေ့ဆွေးနွေးပွဲ ရလဒ်အရ အကောင်ထည် မဖော်ဘူးဆိုရင်တော့ အရင်အတိုင်းပဲ နေမှာပါ " လို့ အေအေ ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ဟန်က ပြောပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော