မင်းပြားမှာ ရဲအရာရှိတစ်ဦး ပစ်ခတ်ခံရ

မင်းပြား

ဓာတ်ပုံ ရင်းမြစ်, Khine Min Nyo

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက် ည ၈ နာရီဝန်းကျင်အချိန်က ရဲအရာရှိတစ်ဦး သေနတ်ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီရဲအရာရှိဟာ မင်းပြားမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်တစ်ဦး ဖြစ်ပြီး မင်းပြားမြို့ ရာမောင်ခန်းမရဲ့ လက်ဝဲဘက်မှာရှိတဲ့ စားသောက်ဆိုင်အတွင်းမှာ ပစ်ခတ်ခံလိုက်ရတယ်လို့ သတင်းကြားရကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

အခုသူ့ကို မင်းပြား ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူ့ရဲ့ ထိခိုက်မှု အခြေအနေနဲ့ သူ့ကိုပစ်ခတ်သွားသူတွေ ဘယ်သူဆိုတာတွေကိုတော့ မသိရသေးပါဘူး။

"ဖြစ်တာကတော့ ရာမောင်ခန်းမရဲ့ လက်ဝဲဘက်မှာ ကပ်လျက်ရှိတဲ့ စားသောက်ဆိုင်ထဲမှာ ဖြစ်တယ်လို့ သိရတယ်။ ကျွန်တော်လည်း ကိုဗစ်ကိစ္စနဲ့သွားနေပြီးတော့ ပြန်ရောက်မှ သိရတာ"လို့ ဦးလှအောင်သိန်းက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်ကို ဆက်သွယ်မေးကြည့်ရာမှာတော့ လောလောဆယ် စုံစမ်းနေဆဲဖြစ်တဲ့အတွက် မသိရသေးဘူးလို့ ပြောဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့စားသောက်ဆိုင်ဟာ ဦးကျော်ဦးလမ်း ယခင်ဘောလုံးကွင်းအနီးမှာရှိတဲ့ ဦးဥတ္တမပန်းခြံနောက်ဘက်မှာ ရှိတဲ့ စားသောက်ဆိုင်အတွင်းမှာဖြစ်ခဲ့တာလို့ မင်းပြားမြို့ခံ ဦးသိန်းဇံက ပြောပါတယ်။

လက်ရှိမှာတော့ မင်းပြားမြို့တွင်း အသွားအလာတွေ ဆိတ်ငြိမ်နေပြီး လူတွေလည်း အပြင်မထွက်ကြတဲ့အတွက် ဖြစ်စဉ်နဲ့ပတ်သက်လို့ အစုံအလင်မသိရသေးဘူးလို့ ဦးလှသိန်းအောင်က ပြောပါတယ်။

အဲ့ဒီရဲအရာရှိဟာ မင်းပြားမြို့မှာ တာဝန်ထမ်းဆောင်ဖို့ရောက်ရှိနေတာ ၈ လလောက်ပဲ ရှိသေးတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းကလဲ ကျောက်တော်နဲ့ စစ်တွေမြို့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးနဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးတို့ ဓားထိုးခံရပြီးသေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။