ရခိုင် စစ်ရှောင်တွေ နေရပ်ပြန်ရေး မြေမြှုပ်မိုင်းရန်က အဟန့်အတားဖြစ်

ရသေ့တောင်မြို့နယ်က စစ်ရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Daw Khin Saw Wai

ဓာတ်ပုံ ပုံစာ, ရသေ့တောင်မြို့နယ်က စစ်ရှောင်စခန်းတစ်ခု

ရခိုင် မြောက်ပိုင်းနဲ့ အလယ်လယ်ပိုင်းဒေသတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် မြို့နယ်ပေါင်း ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူ အရေအတွက်ဟာ ဇူလိုင်လ ပထမအပတ်မှာ ၂ သိန်းကျော်အထိရှိလာပြီ ဖြစ်ပါတယ်။

နှစ်နှစ်ကျော်အကြာတိုက်ပွဲတွေအတွင်း ကျောက်တော်မြို့နယ်က နေရပ်စွန့်ခွာလာခဲ့ကြသူတွေဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာ နှစ်နှစ်ကျော်လာခဲ့ကြပြီ ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသဟာ နှစ်ဖက်တိုက်ပွဲတွေမဖြစ်ကြတာ နှစ်နဲ့ချီကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ဒေသခံတွေကတော့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေရဲ့အန္တရာယ်တွေကြောင့် ကန်ဇောက်၊ တောင်မင်းကုလား၊ အထက်မြတ်လေးစတဲ့ ဒုက္ခသည်ခစန်းတွေမှာ ဒီနေ့အထိ နေထိုင်နေကြဆဲဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက ဒေသခံတွေဟာ တောတောင်တွေကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေကြရသူတွေ ဖြစ်တဲ့အတွက် သူတို့လုပ်ကိုင်စားသောက်ကြရမယ့် တောတောင်တွေဟာ စစ်ပွဲတွေအတွင်းက ကျန်နေခဲ့တဲ့လက်နက်ကြီးကျည်တွေနဲ့ မိုင်းတွေရဲ့ ပေါက်ကွဲမှုတွေကို ကြုံတွေ့နေရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ပြောပါတယ်။

"၂၀၁၉ နှစ်လယ်လောက်ထိ မိုင်းထိတာက နည်းပါတယ်။ စက်တင်ဘာလောက်ကစပြီးတော့မှ မိုင်းထိတဲ့သူအရေအတွက် မြင့်တက်လာတာတွေ့ရတယ်။

မိုင်းတွေကလည်း ကျေးရွာတွေနဲ့ ပိုပြီးတော့ နီးစပ်တဲ့နေရာတွေကိုရောက်လာတယ်။ တချို့နေရာတွေမှာဆိုရင် စာသင်ကျောင်းတွေအနီးအနားထိ မြေမြှုပ်မိုင်းတွေ ထိခိုက်တာကို တွေ့ရပါတယ်။"လို့ ဦးဇော်ဇော်ထွန်းက သူတို့ရဲ့စစ်တမ်းတွေအရ တွေ့ရတာတွေကို ပြောပြပါတယ်။

လက်နက်ကြီးကျည်

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ဒေသတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ ထိတွေ့တိုက်ခိုက်ကြတာတွေအပြင် မြေမြှုပ်မိုင်းကို အသုံးပြုတိုက်ခိုက်ကြတာတွေက ပိုမိုများပါးနေပြီး လူနေထိုင်တဲ့နေရာတွေနဲ့ အနီးဝန်းကျင်တိုက်ခိုက်မှုတွေက ဒေသခံတွေအပေါ် အဆိုးဆုံးထိခိုက်မှုတစ်ခုဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာက အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး ရွာနားက မြေကွက်ပေါ်မှာ နွားကျောင်းနေရင်း သစ်ပင်အောက်ကို အဝင်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာတွေအပြင်းအထန်ရရှိကာ စစ်တွေဆေးရုံမှာဆေးကုသနေရင်း ဇူလိုင် ၉ ရက်နေ့မနက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။

မိုင်းနဲ့လက်နက်ကြီးကျည်တွေ ပေါက်ကွဲမှုကြောင့် ဇူလိုင်လ ၉ ရက်နေ့အထိ သေဆုံးသူ ၂၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၅၇ ဦးထိရှိပြီ ဖြစ်ပါတယ်။

အဲ့ဒီထိခိုက်သေဆုံးခဲ့ကြသူတွေထဲမှာ စစ်ပွဲတွေကကျန်ခဲ့တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို ကိုင်တွယ်ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားတာတွေလည်း ပါဝင်တယ်လို့ REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

လက်နက်ကြီးကျည်

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရပ်သားတွေနေထိုင်တဲ့နေရာတွေနဲ့ အနီးစပ်ဆုံးနေရာတွေကို မိုင်းနဲ့လက်နက်ကြီးကျည်တွေ ရောက်လာနေတဲ့အတွက် ဒေသခံတွေရဲ့စိုးရိမ်မှုတွေ ပိုပြီးမြင့်တက်လာနေသလို တချို့ကျေးရွာသားတွေ နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့ အကြောင်းရင်းတွေထဲမှာ မြေမြှုပ်မိုင်းအန္တရာယ်ကလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေတယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာလာခဲ့ကြပေမဲ့ တချို့ဒေသခံတွေဟာ တိုက်ပွဲတွေမရှိတော့တဲ့အချိန်မှာ နေရပ်ကိုပြန်လည်သွားရောက်နေထိုင်ကြသလို တချို့ဆိုရင်လည်း သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ယာယီသွားရောက်လုပ်ကိုင်တာတွေရှိနေပြီး မကြာခဏ မိုင်းကွဲမှုပြဿနာတွေကို ရင်ဆိုင်နေကြရတာကြောင့် အခုနောက်ပိုင်းမှာ သူတို့ရဲ့နေရပ်တွေကို သွားရောက်ဖို့အတွက် အခက်အခဲတွေရှိနေကြတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဒေသမှာ အခုဆိုရင် ၆ ယောက်ရှိပြီ။ သူတို့က ကိုယ့်ပစ္စည်းကိုယ်မသိမ်းဘူး။ တာဝန်ယူမှုမရှိဘူးပေါ့။ လက်လွတ်စပယ်လုပ်ထားတဲ့အတွက် ကြားက မြေစာပင်ဖြစ်နေတဲ့ ကျွန်တော်တို့ပြည်သူတွေ စတေးပေးနေရတယ်။ ဘယ်မြေကွက်ကို နင်းရင် မိုင်းကွဲမလဲဆိုတာ မသေချာတော့ဘူး။ ပြည်သူတွေက ခြေလှမ်းတောင် မလှမ်းရဲကြတော့တဲ့အနေအထားမျိုးဖြစ်နေပြီဗျ"လို့ လူမှုကူညီရေးတွေလုပ်ကိုင်နေတဲ့ ရသေ့တောင်ဒေသခံ ကိုဘက္ကာက သူတို့ရဲ့ဒေသအခြေအနေကို ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေထဲက မြို့နယ် ၆ မြို့နယ်မှာ REC အဖွဲ့ကနေပြီး ဒေသခံတွေ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာမြင့်မားလာရေးအတွက် ပညာပေးလုပ်ငန်းစဉ်တွေကို ပို့ချပေးနေပေမဲ့ တကယ့် မိုင်းအန္တရာယ်တွေကို ကြုံနေရတဲ့ ဒေသတွေကို သွားရောက်ပို့ချဖို့အတွက် အခက်အခဲရှိနေတယ်လို့ ဦးဇော်ဇော်ထွန်းက ပြေပါတယ်။

REC အနေနဲ့ အဲ့ဒီစီမံကိန်းတွေကို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ အခုနှစ် ဇန်နဝါရီကစတင်ပို့ချပေးခဲ့တာ ဖြစ်ပေမဲ့ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားလာမှု ကြောင့် ရပ်နားထားခဲ့ရကာ အခုလအတွင်းမှ ပြန်လည်စတင်ပို့ချနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေက ဒေသခံတွေကို မိုင်းအသိပညာပေးသင်တန်းတွေပို့ချပေးတဲ့အခါမှာ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ သင်ခန်းစာတွေကို ပို့ချပေးနေတာဖြစ်ပေမယ့် စစ်ပွဲဖြစ်ပွားခဲ့တဲ့ ဧရိယာတွေကို သွားရောက်ပို့ချပေးရင် အထင်လွဲမှားမှုတွေဖြစ်ပွားလာနိုင်ပြီး ဝန်ထမ်းတွေရဲ့လုံခြုံရေးကို စိုးရိမ်ရတဲ့အတွက် လုံခြုံမယ့်နေရာတွေမှာ ခေါ်ယူပြီး သင်ကြားပို့ချနေရတာကြောင့် ထိရောက်မှု အားနည်းတယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။