တရုတ်မြန်မာနယ်နိမိတ် အငြင်းပွားမှုအတွက် တိုင်းတာ

တရုတ် မြန်မာဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တရုတ် မြန်မာဓာတ်ပုံ

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ဒီနှစ်ပိုင်းမှာ နယ်နိမိတ် အငြင်းပွားမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပါတယ် ။

ဒီလို အငြင်းပွားမှုတွေဖြစ်တဲ့အတွက် ၂ နိုင်ငံ နယ်နိမိတ် တိုင်းတာရေး ပူးတွဲအဖွဲ့ဟာ မကြာသေးခင်ရက်ပိုင်းက ကွင်းဆင်းတိုင်းတာခဲ့ပါတယ်။

နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားနေတဲ့ နေရာကတော့ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့နယ်ထဲမှာဖြစ်ပါတယ်။

ဒီအငြင်းပွားနေတဲ့နေရာကို ဖေဖော်ဝါရီ လကုန်ပိုင်းက နှစ်ဖက် အစိုးရတာဝန်ရှိသူတွေ သွားရောက် တိုင်းတာခဲ့တာပါ။

ဒီလိုတိုင်းတာသူတွေထဲမှာ ပါဝင်ခဲ့သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က နှစ်ဖက်ပညာရှင်တွေပါပါတယ်။ ခေတ်မှီစက်ကိရိယာတွေနဲ့ တိုင်းတာပြီးတဲ့အခါ သတ်မှတ်ချက်လေးက နည်းနည်းလွဲနေလို့ နောက်တကြိမ်တိုင်းတာဖို့ ညှိခဲ့တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား နယ်နိမိတ်တိုင်းတာရေးတွေကို လုပ်ခဲ့ပြီး နယ်မြေမငြိမ်းချမ်းတာတွေရှိတဲ့အတွက် တချို့နေရာတွေကို ကွင်းဆင်း မတိုင်းတာနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် တချို့သောနေရာတွေမှာ မြစ်ချောင်းတွေကို နယ်နိမိတ်မျဉ်းအဖြစ် သတ်မှတ်ထားတာတွေ ရှိတဲ့အတွက် မြစ်ရေတိုက်စားမှုကြောင့် နယ်မြေ အငြင်းပွားမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် ၁ ကို လာရောက်ပြီး ကိုယ်တိုင် စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာတော့ မြန်မာနဲ့ တရုတ်နိုင်ငံ အစိုးရတို့ကြား ဆက်ဆံရေး ပိုပြီး တိုးချဲ့လာသလို ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း တရုတ်-မြန်မာ နယ်စပ်ဒေသ စီမံခန့်ခွဲရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အကောင်အထည်ဖော်ရေး ဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

နယ်စပ် အရောင်းအဝယ် အတွက် အရေးကြီးတဲ့ မူဆယ်ဂိတ်

ဓာတ်ပုံ ရင်းမြစ်, THIERRY FALISE

ဓာတ်ပုံ ပုံစာ, နယ်စပ် အရောင်းအဝယ် အတွက် အရေးကြီးတဲ့ မူဆယ်ဂိတ်

အဲဒီအစည်းအဝေးမှာတော့ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ၂ နိုင်ငံအကြား တတိယအကြိမ် နယ်နိမိတ် ပူးတွဲကွင်းဆင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်မြစ်များနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်း ကိစ္စရပ်များ၊ တရားမဝင် လူဝင်/လူထွက်ကိစ္စ တားဆီးရေး ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ တရားမဝင် ကုန်သွယ်မှုများ တားဆီးရေးတို့ကို ဆွေးနွေးခဲ့တာပါ။

တရုတ်အစိုးရ အနေနဲ့ NLD အစိုးရ လက်ထက်မှာတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ စီးပွားရေး ကိစ္စအပြင် ငြိမ်းချမ်းရေး ကိစ္စနဲ့ ရခိုင်ပြည်နယ် အရေးတို့မှာ ပိုမိုပါဝင်လာသလို နယ်စပ်ဒေသ အရေးမှာလဲ အရင်ကထက် မြန်မြန်ဆန်ဆန် လုပ်ဆောင်လာတာ တွေ့ရပါတယ်။