မြိတ်ကျွန်းစုအနီးက ဂူတွေမှာ မျိုးစိတ်အသစ်ဖြစ်နိုင်ဖွယ်ရှိတဲ့ ဂူတွင်းနေ အကောင်တွေကို မှတ်တမ်းယူနိုင်ခဲ့

မြိတ်ကျွန်းစု အနီးက ဂူတွေကို ခြောက်ရက်ကြာ လေ့လာမှတ်တမ်းတင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AUNG KHAING MYINT

ဓာတ်ပုံ ပုံစာ, မြိတ်ကျွန်းစု အနီးက ဂူတွေကို ခြောက်ရက်ကြာ လေ့လာမှတ်တမ်းတင်ခဲ့

မြန်မာ့သဘာဝလိုဏ်ဂူ လေ့လာရေး မှတ်တမ်းရုပ်ရှင်အဖွဲ့အစည်း စတင်ထူထောင်သူ မစ္စတာယော့ခ် ဦးဆောင်တဲ့ ပြည်ပ ပညာရှင်အဖွဲ့နဲ့ပေါင်းပြီး မြိတ်ကျွန်းစုကျွန်းအနီးက သဘာဝ ထုံးကျောက်လိုဏ်ဂူတွေနဲ့ မျိုးစိတ်သစ် ဖြစ်နိုင်ခြေရှိတဲ့ ဂူတွင်းနေအကောင်တွေကို လေ့လာမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အဆိုပါအဖွဲ့နဲ့ ပူးပေါင်းပြီး လေ့လာရေးခရီးတွေမှာ ပါဝင်ခဲ့သူ ကိုအောင်ခိုင်မြင့်က ဘီဘီစီကိုပြောပါတယ်။

''ကျွန်တော်တို့ မြန်မာက ဝင်ပြီးပူးပေါင်းဖြစ်တာကတော့ ၂၀၁၆ မှာပါ။ သူတို့က ၂လပိုင်းဆို ပုံမှန် လာ တယ်။ ဒီတစ်ခေါက်က ကျွန်တော် မြိတ်ကျွန်းစု ခရီးစဉ်တစ်ခုပဲလိုက်ဖြစ်တယ်။ အဲဒီမှာ မျိုးစိတ်သစ် ဖြစ်နိုင်ခြေရှိတဲ့ လင်းနို့တွေလည်း တွေ့ခဲ့တယ်။ မြန်မာမှာမတွေ့သေးတဲ့ မျိုးစိတ် အသစ်ဖြစ်နိုင်သလို ကမ္ဘာမှာ မှတ်တမ်းမတင်နိုင်သေးတဲ့ မျိုးစိတ်လည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ယူလာတဲ့မှတ်တမ်းတွေကို သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေကိုပေးပြီးမှ ဆုံးဖြတ် ခိုင်းရမှာ။ အရင်ကလည်း ဒီအဖွဲ့ရဲ့လေ့လာမှု ကနေ တောက်တဲ့ မျိုးစိတ်အသစ်တွေ ဖားမျိုးစိတ် အသစ်တွေ လင်းနို့မျိုးစိတ် အသစ်တွေကို ဖော်ထုတ်ပေးနိုင်ခဲ့တယ်'' လို့ ကိုအောင်ခိုင်မြင့်က ပြောပြပါတယ်။

မြိတ်ကျွန်းစု အနီးက ဂူတွေကို လေ့လာခဲ့တဲ့အခုခရီးစဉ်ကိုဖေဖော်ဝါရီ ၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ခြောက်ရက်ကြာ လေ့လာမှတ်တမ်းတင်ခဲ့ ကြတယ်လို့ သိရပါတယ်။

''ကျွန်တော်တို့ဆီမှာက ဒီအဖွဲ့က လာလေ့လာပေးပြီးမှ ၄.၆ ကီလိုမီတာလောက် ရှိတဲ့ဂူတွေရှိတယ်ဆိုတာ ပေါ်လာတာ။ ဒါတွေက အာဆီယံ နိုင်ငံတွေမှာ တော့ ဒါတွေက လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅နှစ်လောက်ကတည်းက မှတ်တမ်းတင် ထားပြီးတာ ကြာပြီ။ ဒီအဖွဲ့က ပညာပေးတာလည်းပါတယ်။ လင်းနို့တွေက အသီးစားတဲ့ မျိုးစိတ်တွေဖြစ်လို့ တစ်နေရာနဲ့တစ်နေရာဖြန့်ပေးတာတို့ လူတွေကို အကျိုးပြုတယ်ပေါ့။ ဒါပေမယ့် ဂူတွေ့တိုင်း ဘုရား တည်တာ၊ မီးသွယ်တာ လုပ်လိုက်ရင် ဒီစနစ်ပျက်သွားပြီး လင်းနို့တွေလည်း မနေနိုင် တော့ဘူး ဆိုတာတွေပေါ့ '' လို့ မြန်မာနိုင်ငံသား အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်ခိုင် မြန်မာ့သဘာဝလိုဏ်ဂူ လေ့လာရေး မှတ်တမ်းရုပ်ရှင်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။

သဘာဝလိုဏ်ဂူအသစ်တွေကိုလေ့လာဖော်ထုတ်ပေးကာ မြေပုံရေးဆွဲခြင်း၊ ဂူတွင်းနေ မျိုးစိတ်တွေကို မှတ်တမ်းပြုစုတာတွေကို ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, Aung Khaing Myint

ဓာတ်ပုံ ပုံစာ, သဘာဝလိုဏ်ဂူအသစ်တွေကိုလေ့လာဖော်ထုတ်ပေးကာ မြေပုံရေးဆွဲခြင်း၊ ဂူတွင်းနေ မျိုးစိတ်တွေကို မှတ်တမ်းပြုစုတာတွေကို ပြုလုပ်

အဆိုပါ အဖွဲ့ဟာ မြန်မာနိုင်ငံက ဂူတွေကိုလာလေ့လာပြီးမှတ်တမ်းပြုစုတာ မြေပုံရေးဆွဲတာတွေ လုပ် နေတာဟာ ၁၀ နှစ်ကျော်လောက်ရှိပြီဖြစ်ပြီး သဘာဝလိုဏ်ဂူအသစ်တွေကိုလေ့လာဖော်ထုတ်ပေးကာ မြေပုံရေးဆွဲခြင်း၊ ဂူတွင်းနေ မျိုးစိတ်တွေကို မှတ်တမ်းပြုစုတာတွေကို ပြုလုပ်ပြီးမြန်မာအစိုးရကို ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။

အခုလို သဘာဝလိုဏ်ဂူတွေကို လေ့လာပြီးမှတ်တမ်းပြုစုပေးထားခြင်းအားဖြင့် လူမသိသေးတဲ့ လိုဏ်ဂူ အသစ်တွေလည်း ထပ်မံပေါ်ထွက်လာပြီး နောင် အဲဒီဒေသတွေမှာ သဘာဝအခြေခံခရီး သွားလုပ်ငန်း တွေကို ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိရှိလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဗီဒီယို ပုံစာ, မကြာမီပိတ်တော့မယ် ဖိလစ်ပိုင်က နာမည်ကျော် ကျွန်း