ရနောင်းလူသတ်မှု မြန်မာလေးဦးကို အမိန့်ချ

အမှုအကြောင်း သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ပြုလုပ်စဉ်
ဓာတ်ပုံ ပုံစာ, အမှုအကြောင်း သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ပြုလုပ်စဉ်

ထိုင်းကျောင်းသူတဦး အသတ်ခံရမှုနဲ့ ဖမ်းဆီး ခံထားရတဲ့ မြန်မာ အလုပ်သမား လေးဦးကို ဧပြီ ၁၉ ရက်က ထောင်ဒဏ်နဲ့ ငွေဒဏ် အသီးသီး ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးအမိန့်ကို သွားရောက် နားထောင်ခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ရဲ့ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ဘီဘီစီကိုပြောပါတယ်။

၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့မှာ ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုမှာ မြန်မာအလုပ်သမားလေးဦး ဖြစ်တဲ့ မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ စိန်ကတုံးနဲ့ ဝေလင်းတို့ကို အောက်တိုဘာ ၂ဝ ရက်က ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ လိမ်လည်ထွက်ဆိုမှုတို့နဲ့ တရားစွဲဆိုအရေးယူခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့တရားရုံးမှာ ချမှတ်ခဲ့တဲ့ အမိန့်နဲ့ပတ်သက်ပြီး

'' အမှုကို ကျူးလွန်တာ ထင်ရှားတယ်ဆိုပြီး လေးယောက်ထဲက အသက်မပြည့်သေးတဲ့ မိုးဇင်အောင်ကို အဓိက တရားခံအဖြစ် ထောင်ဒဏ် ၄ နှစ်နဲ့ ငွေဒဏ်၊ ကျော်စိုးဝင်း ကိုတော့ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ်ချတယ်။ အကြီး နှစ်ယောက်ကိုတော့ ၆ နှစ်နဲ့ ၈ နှစ် ချပြီးငွေဒဏ်ကတော့ ၂ယောက်ပေါင်းပြီး ဘတ် ၅သိန်း ကျော်ပေးဖို့ အမိန့်ချလိုက်တယ်'' လို့ (FED) အဖွဲ့ရဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက ဘီဘီစီ ကိုပြောပါတယ်။

ဒီအမိန့်အတွက် အယူခံကို မြန်မာအလုပ်သမားတွေဘက်ကနေရှေ့နေလိုက်ပေးနေတဲ့ထိုင်းရှေ့နေအဖွဲ့က တလအတွင်း ပြန်လည်တင်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

'' အမိန့်ချတဲ့ထဲမှာတော့ တရားသူကြီးက ထိုင်းရဲတပ်ဖွဲ့က တင်တဲ့အချက်တွေကိုပဲ အဓိကဖတ်ပြပြီး ပြောသွားတာ များတယ်။ ဒီဘက်ကတင်ထားတဲ့ DNA မတွေ့တဲ့ကိစ္စတွေ အလုပ်သမားတွေ အဲ့ဒီအချိန်မှာ အလုပ်ထဲမှာ ရှိတယ် ဆိုတဲ့ အလုပ်သမားတွေရဲ့ သူဌေးက ထွက်ဆိုချက်ပေးတာတွေ ကိုတော့ မခိုင်လုံဘူး ဆိုပြီး ပယ်ချသွားတယ်။ ဟာကွက်တွေကတော့ အများကြီးပဲ။ အမိန့်မှာ ဖတ်သွားတဲ့အချက်တွေကို ကြည့်ပြီး ရှေ့နေအဖွဲ့က အယူခံအတွက် ပြန်ပြင်ဆင်ပြီး တင်မှာပါ။ အယူခံတင်ပြီးရင်တော့ အခု ပြစ်ဒဏ်တွေ ပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်'' လို့ (FED) အဖွဲ့ရဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက ဘီဘီစီကို ပြောပြပါတယ်။

အလားတူ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်မှာလည်း မြန်မာအလုပ်သမား ၂ဦးဖြစ်တဲ့ ဝင်းနဲ့ဇော်ကို သေဒဏ်ချမှတ်ထားပါတယ်။