KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဂျော်နီ - တပ်မတော်ကို သည်းမခံရင် တိုက်ပွဲပြန်ဖြစ်တာကြာပြီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောဂျော်နီ

ဓာတ်ပုံ ရင်းမြစ်, Saw Yan Naing

ဓာတ်ပုံ ပုံစာ, ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောဂျော်နီ

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်ဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နယ်မြေတွေမှာ တပ်မတော်က ကားလမ်းဖောက်လုပ်တာနဲ့ နယ်မြေကျော်သွားလာနေတာတွေနဲ့ပတ်သက်ပြီး KNU က သည်းမခံရင် တိုက်ပွဲကြီးတွေ ပြန်ဖြစ်လာနိုင်တယ်လို့ KNLA စစ်ဦးစီးချုပ်က ပြောပါတယ်။

သင်္ကြန်မတိုင်ခင်မှာ ကေအန်ယူက အစိုးရ၊တပ်မတော်ကိုယ်စားလှယ်နဲ့ တွေ့ဆုံမယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းစဉ်မှာ ဗိုလ်ချုပ်စောဂျော်နီက အဲဒီလိုပြောကြားတာ ဖြစ်ပါတယ်။

လက်ရှိမှာ KNU တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ နယ်မြေတွေမှာ နယ်မြေကျော်ကားလမ်းဖောက်လုပ် တာကြောင့် တပ်မတော်နဲ့ KNU အောက်ခြေတပ်ဖွဲ့တွေအကြား အသေးစားပစ်ခတ်မှုတွေဖြစ်ပွား နေတဲ့အပေါ် KNU ဘက်ကသည်းခံလို့ တိုက်ပွဲကြီးတွေ မဖြစ်တာလို့ ဗိုလ်ချုပ် စောဂျောနီ က ဘီဘီစီကို ပြောပါတယ်။

ဒီလိုအောက်ခြေတပ်ဖွဲ့တွေအကြား ဖြစ်တဲ့ တပ်ပိုင်းဆိုင်ရာပြဿနာတွေကို သင်္ကြန်မတိုင်ခင် အစိုးရနဲ့ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာ တင်ပြဆွေးနွေးမယ်လို့ KNU က ပြောပါတယ်။

'' KNU ဘက်က တပ်ပိုင်းဆိုင်ရာကိုယ်စားလှယ်၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိုယ်စားလှယ်တွေပါမယ်။ နှစ်ဘက်အကြား တစ်ဆို့နေတဲ့ကိစ္စတွေဆွေးနွေးမယ်။ ဒီပြဿနာတွေအားလုံးဟာ တပ်မတော် အပေါ်မှာမူတည်တယ်။ ကျွန်တော်တို့ ရန်ဖြစ်တာနှစ်ပေါင်း ၇၀ ဖြစ်နေပြီ။ ဒါတွေကို ဖြေရှင်းရမယ်။ ဖြေရှင်းလို့မှမရင် တိုက်ပွဲတွေပြန်ဖြစ်လာမယ်'' လို့ ဗိုလ်ချုပ်စောဂျော်နီ က ပြောပါတယ်။

KNU ရဲ့ နယ်မြေကိုကျော်ပြီး သွားလာတယ်ဆိုရင် အကြောင်းကြားပြီးမှ စည်းကမ်းလိုက်နာပါက အကောင်းဆုံးဖြစ်ပြီး မလိုက်နာရင်တော့ ဆုံးမရမယ်။ နှစ်ဘက်စလုံးက အခြေအနေကို စောင့်ကြည့် နေကြတာ ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ကြတာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

မြန်မာ့တပ်မတော်ဘက်ကနယ်မြေကျော်ပြီး ကားလမ်းဖောက်တာတွေကို KNU ဘက်ကတားမြစ်ထား

ဓာတ်ပုံ ရင်းမြစ်, Saw Yan Naing

ဓာတ်ပုံ ပုံစာ, မြန်မာ့တပ်မတော်ဘက်ကနယ်မြေကျော်ပြီး ကားလမ်းဖောက်တာတွေကို KNU ဘက်ကတားမြစ်ထား

' ' လူထုလို လားတဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ကျွန်တော်တို့က ညှိနှိုင်း နေတာပဲရှိတယ်။ ကျွန်တော်တို့သာ သည်းမခံရင် တိုက်ပွဲကြီးပြန်ဖြစ်တာကြာနေပြီ'' လို့ ဗိုလ်ချုပ်စောဂျော်နီ က ပြောပါတယ်။

KNU က ဧပြီလ ၁၁ ရက်နေ့မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ဧပြီလ ၁၂ ရက်နေ့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ကိုယ်စား လှယ်တွေနဲ့ တွေ့ဆုံဖို့ အဆိုပြုထားတယ်လို့ KNU က ပြောပါတယ်။

ဒီအစည်းအဝေးက ပေါ်ထွက်လာမယ့်ရလဒ်အပေါ်မူတည်ပြီး KNU က ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်တွေကို စဉ်းစားမယ်လို့လည်း ဗိုလ်ချုပ်စောဂျော်နီ က ပြောပါတယ်။

၂၀၁၈ ခုနှစ် အတွင်းမှာ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်က KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ တပ်မတော်က နယ်မြေကျော် ကားလမ်းဖောက်လုပ်တဲ့အတွက် KNU တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အနီးအနားရှိ ရွာသားတွေ ၂၀၀၀ ကျော် ထွက်ပြေး ပုန်းရှောင်ခဲ့ရဖူးပါတယ်။

အဲဒီကားလမ်းတွေဟာ စစ်ရေးဆိုင်ရာ အထောက်အကူ ဖြစ်နိုင်တဲ့အတွက် လမ်းဖောက်လုပ်ရေး ကို တားမြစ်ထားတာ ဖြစ်တယ်လို့ KNU ဘက်ကပြောပါတယ်။

နေပြည်တော်မှာ လုပ်မယ့် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်လို့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။