မိုးကာလမတိုင်ခင် စစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရအနေနဲ့ အမြန်ဆုံး အကူအညီပိုမိုပေးဖို့လို စတဲ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ခင်း သိသင့်တဲ့သတင်းတွေ

စစ်ဘေးရှောင်သူတွေကို ပြည်နယ်အစိုးရအနေနဲ့ အမြန်ဆုံး အကူအညီပိုမိုပေးဖို့လို

ဓာတ်ပုံ ရင်းမြစ်, Narinjara

ဓာတ်ပုံ ပုံစာ, စစ်ဘေးရှောင်သူတွေကို ပြည်နယ်အစိုးရအနေနဲ့ အမြန်ဆုံး အကူအညီပိုမိုပေးဖို့လို

(၁) မိုးကာလမတိုင်ခင် စစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရအနေနဲ့ အမြန်ဆုံး အကူအညီပိုမိုပေးဖို့ တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်သူတွေကို မိုးရာသီကာလ မတိုင်ခင် အစိုးရအနေနဲ့ အမြန်ဆုံး အကူအညီတွေ ပိုမိုပေးဖို့ အမှတ် (၁) မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အဆိုတင်ခဲ့တာကို ပြည်နယ်လွှတ်တော်က လက်ခံခဲ့ပါတယ်။

"အခုဆို စစ်ရှောင်ဒုက္ခသည်တွေက ခြောက်ထောင်ကျော် ရှိလာပြီ။ ကျောက်တော်မှာ အများဆုံးပဲ။ တချို့ဆို ရေမြှုပ်တဲ့ ဧရိယာတွေမှာ နေကြရတယ်။ မိုးကျလာရင် သူတို့တွေရဲ့ နေထိုင်ရေးသာမက ကျန်းမာရေးပါ အန္တရာယ်ရှိတယ်။ အစိုးရအနေနဲ့ အမြန်ဆုံး အကူအညီတွေ ပိုပေးဖို့လိုနေပြီ " လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

ဒီအဆိုကို ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့တာ ဖြစ်လို့ ဒီလကုန် မတိုင်ခင် ကျင်းပနေတဲ့ အစည်းဝေးအတွင်း ဆွေးနွေးသွားလိမ့်မယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ပြည်နယ်အစိုးရရဲ့ ထောက်ပံမှုတွေ ရှိနေပေမယ့် စစ်ရှောင်လာသူတွေရဲ့ စားဝတ်နေရေးအတွက် အဓိက က လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့မှာ စစ်ဘေးရှောင်သူ အများဆုံးရှိပြီး စစ်ရှောင်စခန်း ၃ ခု ဖွင့် ထားရသလို ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ အများဆုံး ရှိတယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

အာသံနဲ့ကသည်း လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို တပ်မတော် ထမ်မံသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ, အာသံနဲ့ကသည်း လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို တပ်မတော် ထမ်မံသိမ်းပိုက်

(၂) အာသံနဲ့ကသည်း လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို တပ်မတော် ထမ်မံသိမ်းပိုက်

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာ အနီးမှာရှိတဲ့ NSCN (K) စခန်းနဲ့ အာသံနဲ့ကသည်း လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စခန်းတစ်ခုနဲ့ လက်နက်ခဲယမ်းတွေကို တပ်မတော် စစ်ကြောင်းက ထပ်မံ သိမ်းပိုက်ခဲ့ပါတယ်။

တပ်စခန်းနဲ့အတူ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၄ ဦး၊ လက်နက်မျိုးစုံ ၅၃ လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်း၊ အသုံးအဆောင်ပစ္စည်းတွေကိုပါ ထပ်မံရရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁၉ ရက်က သတင်း ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်ကနေ ဖေဖော်ဝါရီ ၁၉ ရက်အထိ နယ်မြေလုံခြုံရေး လုပ်ငန်းတွေ ဆက်ဆောင်ရွက်ရာက ခုလို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အာသံနဲ့ကသည်း တပ်စခန်းတစ်ခုကိုလည်း တပ်မတော် စစ်ကြောင်းက ဇန်နဝါရီ ၂၉ ရက်မှာ စတင် သွားရောက်ရှင်းလင်းခဲ့ရာ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ ဦးနဲ့ လက်နက်ခဲယမ်း မျိုးစုံကို ဖေဖော်ဝါရီ ၃ ရက်နဲ့ ၆ ရက်တွေမှာ သိမ်းဆည်းရမိတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့အထိ NSCN(K) အဖွဲ့ဝင် ၆ ဦး၊ ကသည်းလက်နက်ကိုင် အဖွဲ့ဝင် ၆ ဦး၊ လက်နက်မျိုးစုံ ၇၉ လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ခဲ့ပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေး လုပ်ငန်းတွေကို ဆက်ဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ကချင်စစ်ရှောင်စခန်းတခုမှာ တွေ့ရတဲ့အဘွားအို

ဓာတ်ပုံ ရင်းမြစ်, IDP

ဓာတ်ပုံ ပုံစာ, ကချင်စစ်ရှောင်စခန်းတခုမှာ တွေ့ရတဲ့အဘွားအို

(၃) ကချင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး KHCC ဆွေးနွေး

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့အနီးက စစ်ဘေးဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ဖို့ အတွက် ကချင် လူသားချင်းစာနာမှုကော်မတီ KHCC ရဲ့ ဆွေးနွေးပွဲကို မနေ့က မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့နယ်တွေက ကျေးရွာ ၁၀ လောက်ကို ရွေးချယ်ပြီး နေရပ်ပြန်နိုင်ဖို့ စီစဉ်ရေးဆွဲခဲ့တယ်လို့ KHCC ဥက္ကဋ္ဌလည်းဖြစ် KBC ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

လူဦးရေ ခြောက်ထောင်နဲ့ တစ်သောင်းကြားကို ပထမဦးဆုံးအနေနဲ့ အဲဒီနေရာတွေမှာ ပြန်နေထိုင်နိုင်ဖို့ စီစဉ်ရေးဆွဲခဲ့တယ်လို့ိလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

ဒါနဲ့ ပတ်သက်ပြီး KHCC အနေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဒီရက်ပိုင်းအတွင်း သွားရောက် ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။

KIO အဖွဲ့ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၅ နောက်ပိုင်း အစိုးရ ငြိမ်းရေးကော်မရှင် NRPC နဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိပါတယ်။

KHCC ရဲ့ ဆွေးနွေးပွဲမှာ နှစ်ခြင်း ခရစ်ယာန် အသင်းတော်၊ ကက်သလစ် အသင်းတော်၊ အင်္ဂလီကန် အသင်းတော်၊ လွတ်လပ်သော တိုင်းရင်းသားခရစ်ယာန်၊ လလော်၊ လီဆူနှစ်ခြင်း စတဲ့ အဖွဲ့တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ပါဝင်ကြပါတယ်။