ရှမ်းပြည်နယ် အစိုးရကို ကုမ္ပဏီ ၃ ခု အကြွေးပြန်မဆပ် သေးအပါအဝင် မနက်ခင်းသတင်းများ

ရွာသားတွေ စွန့်ခွာသွားတဲ့ ပလက်ဝမြို့နယ်ထဲက ကုန်ပြင်ရွာ

ဓာတ်ပုံ ရင်းမြစ်, Bu Htang Pai

ဓာတ်ပုံ ပုံစာ, ရွာသားတွေ စွန့်ခွာသွားတဲ့ ပလက်ဝမြို့နယ်ထဲက ကုန်ပြင်ရွာ

ပလက်ဝမြို့နယ် သံထောင်မှာ ရွာသားတစ်ဦးပျောက်ဆုံး

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ သံထောင်ရွာက ရွာသားတစ်ဦးဟာ ဈေးဝယ်သွားရင်း ပျောက်ဆုံးနေတယ်လို့ ဒေသခံ ရွာသားတစ်ချို့က ဆိုပါတယ်။

ပျောက်ဆုံးသူ ရွာသားမှာ ဦးကျော်အေးဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဆင်အိုးရွာကို ဈေးသွားဝယ်ရာကနေ ယခု ချိန်အထိ အိမ်ပြန်မရောက်တာဖြစ်ပါတယ်။

ဆင်အိုးရွာနဲ့ သံထောင်ရွာဟာ စက်လှေဖြင့် ၆နာရီသာ သွားရတဲ့ ခရီးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ သံထောင်ရွာကို ဆက်သွယ်မေးကြည့်ရာ ဟုတ်မှန်ကြောင်း ဒေသခံ ဦး Bu Htang Paiက ပြောပါတယ်။

ပလက်ဝဘက်မှာ တိုက်ပွဲတွေကြား မကြာခဏဆိုသလို လူပျောက်ဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။

ရှမ်းပြည်နယ်အစိုးရဆီက ငွေချေးထားတဲ့ ကုမ္ပဏီသုံးခု ပြန်မဆပ်သေး

ဓာတ်ပုံ ရင်းမြစ်, Shan State Government Office

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်အစိုးရဆီက ငွေချေးထားတဲ့ ကုမ္ပဏီသုံးခု ပြန်မဆပ်သေး

ရှမ်းပြည်နယ်အစိုးရဆီက ငွေချေးထားတဲ့ ကုမ္ပဏီသုံးခု ပြန်မဆပ်သေး

သမ္မတ ဦးသိန်းစိန်လက်ထက်က တာဝန်ယူခဲ့တဲ့ ရှမ်းပြည်နယ်အစိုးရရဲ့ ဒေသန္တရ ဖွံ့ဖြိုးရေး ရန်ပုံငွေထဲက ငွေချေးယူထားတဲ့ ကုမ္ပဏီ ၃ ခုအနေနဲ့ အခုချိန်အထိ အတိုးကော အရင်းပါ ပြန်မဆပ်သေးဘူးလို့ ရှမ်းပြည်နယ် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရှမ်းပြည်နယ် အစိုးရရဲ့ ၅ နှစ်တာကာလအတွင်း သုံးစွဲခဲ့တဲ့ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို အခြေခံပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြီးခဲ့တဲ့ ရှမ်းပြည်နယ် လွှတ်တော်မှာ မေးခွန်းမေးရာကနေ ဒီကိစ္စ ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့ အစိုးရအနေနဲ့ လက်ရှိ အစိုးရကို လွှဲတဲ့အခါ ဒေသန္တရ ဖွံ့ဖြိုးရေး ရန်ပုံငွေထဲက ကုမ္ပဏီ ၃ ခုကို ကျပ်ငွေ ၅ ဒဿမ ၆ ဘီလီယံကျော် ချေးခဲ့ပါတယ်။

တောင်းဆိုချက်တွေ သဘောတူရင် ဝဘက်က NCA ထိုးမည်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေ မပါပဲ အစိုးရနဲ့ တပ်မတော် ကိုယ်စားလှယ်နဲ့သာ တိုက်ရိုက် ဆွေးနွေးဖို့ ဆိုတဲ့ တောင်းဆိုချက်ကို ကတိကဝတ် စာချုပ်ထဲမှာ UWSA က အဆိုပြုချက် ထည့်သွင်းမယ်လို့ ဝအဖွဲ့နဲ့ နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တစ်ချို့က ပြောပါတယ်။

ဒါ့အပြင် UWSA အနေနဲ့ အန်စီအေ လက်မှတ်ထိုးရင် အစိုးရအနေနဲ့ အန်စီအေပါ အချက်အလက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့နဲ့ တကယ် အကောင်အထည် မဖော်နိုင်ခဲ့ရင် ဝတပ်ဖွဲပို အန်စီအေကနေ နုတ်ထွက်ခွင့်ပြုဖို့ အစိုးရဘက်က သဘောတူရမယ်လို့ ဝခေါင်းဆောင်က တောင်းဆိုထားတာကိုလည်း ဒီစာချုပ်ထဲမှာ ထည့်သွင်းမယ်လို့ သိရပါတယ်။

ဒီတောင်းဆိုမှုတွေကို အစိုးရက သဘောတူလက်ခံရင် ဝဘက်က အန်စီအေ လက်မှတ်ထိုးဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေက ဆိုပါတယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်တွေကို UWSA ဘက်က ထုတ်ဖော်ပြောဆိုတာတွေမရှိသေးပါဘူး။

ဒီအဆိုပြုချက်စာကို UWSA က ရေးဆွဲပြီး အစိုးရက သုံးသပ်ဖို့ ပြီးခဲ့တဲ့ မေလက တရုတ်နိုင်ငံမှာ ကျင်းပတဲ့ အစိုးရကိုယ်စားလှယ်နဲ့ UWSA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲမှာ နှစ်ဖက် သဘောတူခဲ့ကြတာပါ။

ဒီအဆိုပြုချက်ကို ဝထိပ်ပိုင်းခေါင်းဆောင်လုပ်ဆောင်နေပြီး အသေးစိတ်ကိုမသိရဘူးလို့ ဦးညီရန်း က ပြောပါတယ်။

ဟောင်ကောင်က အငြင်းပွားဖွယ်ဥပဒေမူကြမ်းကို ဆက်လက် ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟောင်ကောင်က အငြင်းပွားဖွယ်ဥပဒေမူကြမ်းကို ဆက်လက် ဆန္ဒပြ

ဟောင်ကောင်က အငြင်းပွားဖွယ်ဥပဒေမူကြမ်းကို ဆက်လက် ဆန္ဒပြ

ဟောင်ကောင်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ရာဇဝတ်မှု ကျူးလွန်တယ်လို့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်း တရားရင်ဆိုင်ခိုင်းမယ့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို ဒီကနေ့ မနက်အထိ ဆက်လက် ဆန္ဒပြနေကြပါတယ်။

ဟောင်ကောင်ဒေသခေါင်းဆောင် ကယ်ရီလမ်းကတော့ ဒီဥပဒေမူူကြမ်းအတည်ပြုတာကို ဆိုင်းငံ့ကြောင်း ထုတ်ပြောထား ပါတယ်။

ဒါပေမဲ့ ဒီကနေ့ မနက် ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးကတော့ အစိုးရက ဒီဥပဒေမူကြမ်းကို ရွှေ့ဆိုင်းလိုက်တာ ဟာ ဆန္ဒပြမှုတွေ ထပ်မဖြစ်တော့အောင် အစိုးရရဲ့ ချွေးသိပ်မှုဖြစ်နိုင်တယ်၊ ဒီနေ့မှာ လမ်းပေါ်ထွက်ပြီး ဆန္ဒမပြရင် နောင်လုပ်လို့ ရမယ်ဆိုပြီး အစိုးရဘက်က ပြန်စမှာပဲလို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တုန်းက ရဲတွေနဲ့ဖြစ်ခဲ့တဲ့ အခြေ အနေမျိုး မရှိဘဲ အေးအေးဆေးဆေးပဲဖြစ်သလို ရဲအရေအတွက် နည်းနည်းပဲ လုံခြုံရေးယူထားတာ တွေ့ရတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။ ဆန္ဒပြသူ အများစုဟာ ညတုန်းကလည်း ညလုံးပေါက်ဆန္ဒပြခဲ့ကြပါတယ်။

ဇွန်လ ၁၆ ရက်နေ့တုန်းက ဆန္ဒပြပွဲမှာ ပါဝင်သူ ၂ သန်း နီးပါးရှိတယ်လို့ စီစဉ်သူတွေက ပြောပေမဲ့ ရဲကတော့ အဲဒီထက်နည်းမယ်လို့ ခန့်မှန်းပါတယ်။

အစိုးရက အဆိုပြုထားတဲ့ တရားခံလွှဲပြောင်းမှုဆိုင်ရာဥပဒေမူကြမ်းဟာ ဟောင်ကောင်ရဲ့တရားရေး လွတ် လပ်မှုကို ယိမ်းယိုင်စေလိမ့်မယ်လို့ စိုးရိမ်ပြီး ပြည်သူတွေက ဆန္ဒပြနေကြတာပါ။