ရန်ကုန်သံဃနာယကမှာ သြဝါဒခံဖို့ ဦးဝီရသူကို ထပ်ခေါ်မယ် အပါအဝင် ဇွန်လ ၄ရက် မနက်ခင်းသတင်းများ

ရန်ကုန်သံဃနာယကမှာ သြဝါဒခံဖို့ ဦးဝီရသူကို ထပ်ခေါ်မယ်

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD / AFP / Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်သံဃနာယကမှာ သြဝါဒခံဖို့ ဦးဝီရသူကို ထပ်ခေါ်မယ်

၁)ရန်ကုန်သံဃနာယကမှာ သြဝါဒခံဖို့ ဦးဝီရသူကို ထပ်ခေါ်မယ်

ဖမ်းဝရမ်းတစ်ပတ်ပြည့်သွားပေမယ့် ဖမ်းဆီးလို့မရသေးတဲ့ ဦးဝီရသူကို သံဃနာယကအဖွဲ့က ထပ်မံပြီး သြဝါဒပေးမယ့်ရက်ကို ထုတ်ပြန်အသိပေးမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လ ၃ ရက်နေ့ ညနေပိုင်းမှာ ထပ်မံထုတ်ပြန်အသိပေးပါတယ်။

အမျိုးသားရေး လှုပ်ရှားသူ အဖြစ် ကိုယ့်ဘာသာ ခံယူ လှုပ်ရှားနေသူ ဆရာတော် တစ်ပါး ဖြစ်သူ ဦးဝီရသူအနေနဲ့ အခုအကြိမ်ခေါ်ယူ သြဝါဒပေးမှုကို မလိုက်နာပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ နဲ့ တရားစွဲဆို ဆောင်ရွက် မယ်လို့လည်း ပါရှိပါတယ်။

ဦးဝီရသူ ရန်ကုန်လာရင် မျိုးချစ်တွေ ဝန်းရံမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဦးဝီရသူ ရန်ကုန်လာရင် မျိုးချစ်တွေ ဝန်းရံမယ်

အဲဒီမတိုင်မီကလည်း မဟာဗန္ဓုလပန်းခြံရှေ့က ဟောပြောပွဲနဲ့ ပက်သက်ပြီး နိုင်ငံတော်အကြည်ညို ပျက်စေလို့ဆိုကာ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ အမှုဖွင့်အရေးယူကာ ဖမ်းဆီးဖို့ ဝရမ်းထုတ် ထားတာ ဇွန်လ ၄ ရက်မှာ တစ်ပတ်ပါပြီ။

ဝရမ်းထုတ်ပြန်ခဲ့တာ ဇွန်လ ၄ ရက်နေ့မှာ တစ်ပတ်ပြည့်သွားပေမယ့် ဖမ်းဆီးရမိတာမရှိသေးလို့ တရားခံပြေးဖြစ်သွား နိုင်သလို၊ ဆင့်ကဲ့ထုတ်ပြန်နိုင်တဲ့ လုပ်ထုံးလုပ်နည်းအမိန့်တွေအရ တရားခံပြေးဖြစ်ရင်ပြည်သူတွေကပါ ဖမ်းဆီးခွင့်ရသွားနိုင်တယ်လို့ထောင်မှူးဟောင်းလည်းဖြစ်၊ ရှေ့နေလည်းဖြစ်သူ ဦးခင်မောင်မြင့်က ဘီဘီစီ ကိုပြောထားပါတယ်။

ဗီဒီယို ပုံစာ, ဦးဝီရသူ အတွက် အမျိုးသားရေးလှုပ်ရှားသူ သံဃာနဲ့ လူ ရာချီ ရွှေတိဂုံမှာ ဆုတောင်း
စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်ရသူများမှာ အမျိုးသမီးများနဲ့ ကလေးများအများဆုံးဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်ရသူများမှာ အမျိုးသမီးများနဲ့ ကလေးများအများဆုံးဖြစ်

၂)စစ်မီးတောက်နေတဲ့ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးတက္ကသိုလ်ဖွင့်မယ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ငြိမ်းချမ်းရေးတက္ကသိုလ်ဖွင့်လှစ်ဖို့ အစိုးရရဲ့ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီ (UEHRD) နဲ့ စင်္ကာပူ အခြေစိုက် Asia Philanthropy Circle (APC) တို့က ဇွန်လ ၃ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြောက်ဦးမြို့နယ်ထဲမှာဆောက်မယ့် ငြိမ်းချမ်းရေးတက္ကသိုလ်က ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှုသဇာတမျှတရေးမှတဆင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း၊ ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း စတဲ့ ကိစ္စတွေကိုပါ ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးတက္ကသိုလ်ဖွင့်လှစ်ဖို့ဆွေးနွေးတဲ့ ဇွန်လ ၃ရက်နေ့ကပဲ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါထားကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပြီး လက်နက်ကြီးကျည်ကျလို့ ရွာသား ၅ ဦးသေဆုံးကာ၊ ၉ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံရွာသားတွေက ဘီဘီစီကိုပြောထားပါတယ်။

Asia Philanthropy Circle (APC) ကတော့ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ အားလုံးပါဝင်ပြီး သာယာဝပြောကာရေရှည်တည်တံ့တဲ့ လူမှုအသိုင်းအဝန်းများဖြစ်ပေါ်စေရေး စင်ကာပူနိုင်ငံ အခြေစိုက်ကာလှုပ်ရှားဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့တစ်ခုဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးက အစိုးရမှသာ တာဝန် ရှိတာမဟုတ်ဘဲ လူ့အသိုင်းအဝိုင်း မှာလည်း တာဝန်ရှိပြီး အဂတိလိုက်စားဖို့ ဆွဲဆောင်တာကို ဂုဏ်သိက္ခာဖြင့် ပြန်လည်တိုက်ဖျက်ရမယ်

ဓာတ်ပုံ ရင်းမြစ်, ACC Myanmar

ဓာတ်ပုံ ပုံစာ, အဂတိလိုက်စားမှု တိုက်ဖျက်ရေးက အစိုးရမှသာ တာဝန် ရှိတာမဟုတ်ဘဲ လူ့အသိုင်းအဝိုင်း မှာလည်း တာဝန်ရှိပြီး အဂတိလိုက်စားဖို့ ဆွဲဆောင်တာကို ဂုဏ်သိက္ခာဖြင့် ပြန်လည်တိုက်ဖျက်ရမယ်

၃)ဖြောင့်မတ်တည်ကြည်တဲ့ လူငယ်တွေမွေးထုတ်မယ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂၀၁၉ကိုဖွင့်လှစ်ကာ ဖြောင့်မတ်တည်ကြည်တဲ့ လူငယ်တွေကိုမွေးထုတ်ဖို့ ဇွန်လ ၃ရက်နေ့ ကစတင်ခဲ့ပါတယ်။

စခန်းကို တက္ကသိုလ်၊ ကောလိပ် ၁၄ခုက ကျောင်းသားကျောင်းသားများအပါအဝင် ဆရာ၊ ဆရာမတွေ စုစုပေါင်း ၁၂၇ဦးအထိ တက်ရောက်ခဲ့ပါတယ်။

အဲဒီစခန်းရဲ့ ရည်ရွယ်ချက်ကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ လူငယ်တွေပါဝင်လာနိုင်ဖို့နဲ့ အခြေခံအဆင့် ပညာရေးမှာ ကျောင်းသား၊ ကျောင်းသူများ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ် ပြဌာန်းသင်ကြားနိုင်ရေးအတွက်လည်း ဦးတည်ဆောင်ရွက်တာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးက အစိုးရမှသာ တာဝန် ရှိတာမဟုတ်ဘဲ လူ့အသိုင်းအဝိုင်း မှာလည်း တာဝန်ရှိပြီး အဂတိလိုက်စားဖို့ ဆွဲဆောင်တာကို ဂုဏ်သိက္ခာဖြင့် ပြန်လည်တိုက်ဖျက်ရမယ်

ဓာတ်ပုံ ရင်းမြစ်, ACC Myanmar

ဓာတ်ပုံ ပုံစာ, အဂတိလိုက်စားမှု တိုက်ဖျက်ရေးက အစိုးရမှသာ တာဝန် ရှိတာမဟုတ်ဘဲ လူ့အသိုင်းအဝိုင်း မှာလည်း တာဝန်ရှိပြီး အဂတိလိုက်စားဖို့ ဆွဲဆောင်တာကို ဂုဏ်သိက္ခာဖြင့် ပြန်လည်တိုက်ဖျက်ရမယ်

အမေရိကန် သံအမတ်ကြီး H.E.Mr.Scot Marciel ကတော့ အဲဒီ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂၀၁၉ ကို တက်ရောက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးက အစိုးရမှသာ တာဝန် ရှိတာမဟုတ်ဘဲ လူ့အသိုင်းအဝိုင်း မှာလည်း တာဝန်ရှိပြီး အဂတိလိုက်စားဖို့ ဆွဲဆောင်တာကို ဂုဏ်သိက္ခာဖြင့် ပြန်လည်တိုက်ဖျက်ရမယ်လို့ ပြောခဲ့ပါတယ်။

ဗီဒီယို ပုံစာ, အဂတိတိုက်ဖျက်ရေး ပြတ်ပြတ်သားသား ဆောင်ရွက်မယ် - ဦးအောင်ကြည်နဲ့ သီးသန့်မေးမြန်းခန်း အပိုင်း (၂)
ရာဂျက်စ်စတန်မြောက်ပိုင်း ချူရူးမြို့ဆိုရင် အပူချိန် ၅၀ဒီဂရီစင်တီဂရိတ် အထိရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, HIMANSHU SHARMA/AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ, ရာဂျက်စ်စတန်မြောက်ပိုင်း ချူရူးမြို့ဆိုရင် အပူချိန် ၅၀ဒီဂရီစင်တီဂရိတ် အထိရှိခဲ့

၄)အိန္ဒိယနိုင်ငံ ပြည်နယ်အများအပြားမှာ အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်အထိမြင့်တက်နေ

အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်အများစုမှ ပြင်းထန်တဲ့အပူလှိုင်းတွေကြောင့် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် အထိမြင့်တက်နေပါတယ်။

ရာဂျက်စ်စတန်မြောက်ပိုင်း ချူရူးမြို့ဆိုရင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ် အထိရှိခဲ့ပြီး အပူပြင်းဆုံးမြို့ တစ်ခုအဖြစ်ကို ရောက်ရှိခဲ့တယ်လို့ မိုးလေဝသဌာနကသိရပါတယ်။

မတ္ထရာပရာဒေ့ရှ်နဲ့ ရာဂျက်စ်စတန်ပြည်နယ်ကိုလည်း အပူလှိုင်းအန္တရာယ်ရှိတဲ့အတွက် အသိပေးတာတွေ ထုတ်ပြန်ထားသလို၊ အဲဒီပြည်နယ်နှစ်ခုက ဒီနွေရာသီမှာ အပူချိန် အမြင့်ဆုံးကို ရောက်ရှိခဲ့တဲ့နေရာတွေအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

ဒါပေမယ့်လည်း ဒီနှစ်ကအခြားမြို့တွေမှာလည်း အပူချိန်တွေမြင့်တက်နေပါတယ်။ အထူးသဖြင့် မြောက်ပိုင်း ဒက်ကန်ကုန်းပြင်မြင့်ကနေ နိုင်ငံရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာဖြစ်ပေါ်နေပါတယ်။