တပ်ပေါင်းစုပုံစံ မဟုတ်တဲ့ ငြိမ်းချမ်းရေး အစုအဖွဲ့ ဖွဲ့နိုင်မှာလား

ဒီစုဖွဲ့မှုအသစ်ဟာ NCA အကောင်အထည်ဖော်ဖို့ တစ်ဆို့နေတာတွေကို နည်းလမ်းသစ်နဲ့ ဖောက်ထွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, Saw Yan Naing

ဓာတ်ပုံ ပုံစာ, ဒီစုဖွဲ့မှုအသစ်ဟာ NCA အကောင်အထည်ဖော်ဖို့ တစ်ဆို့နေတာတွေကို နည်းလမ်းသစ်နဲ့ ဖောက်ထွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆို

ငြိမ်းချမ်းရေး ကိစ္စတွေကို အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးတဲ့အခါ တပ်ပေါင်းစုပုံစံ မဟုတ်တဲ့ စုဖွဲ့မှုအသစ် (PPCM) ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြရာမှာ သဘောထားကွဲလွဲနေလို့ အဖွဲ့ဖွဲ့ဖို့ အတည်မပြုနိုင် ဖြစ်ခဲ့ပါတယ်။

စုဖွဲ့မှုအသစ် အဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး - Peace Process Consultative Meeting (PPCM) ဖွဲ့စည်းရေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၅ ရက်ကနေ ၇ ရက် အထိ ညှိနှိုင်းဆွေးနွေးခဲ့ပေမဲ့ အတည်မပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီစုဖွဲ့မှုအသစ်ဟာ NCA အကောင်အထည်ဖော်ဖို့ တစ်ဆို့နေတာတွေကို နည်းလမ်းသစ်နဲ့ ဖောက်ထွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားနက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာနေပြီး ဒီစုဖွဲ့မှုအသစ် ဖွဲ့စည်းနိုင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ တိုင်းရင်းသားတပ်ဖွဲ့တွေစုပေါင်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ပုံစံမျိုးမဟုတ်သလို တပ်ပေါင်းစုဆန်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်း ကော်မတီ (FPNCC) လိုမျိုးလည်းမဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ၊ လုပ်ငန်းစဉ်တွေ စီစဉ်ဆောင်ရွက်မယ့် အလုပ်အဖွဲ့တစ်ခုလို တည်ရှိနေမယ်လို့ ချင်းမိုင်မြို့က ပြည်ထောင်စု အင်စတီကျုရဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်ပြီး လက်ရှိမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရဲ့ အကြံပေးတစ်ယောက်လည်းဖြစ်တဲ့ ဦးခွန်စိုင်းက ပြောပါတယ်။

ဒီလိုဖွဲ့စည်းရာမှာ အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကိုဖျက်ပြီး PPCM ဖွဲ့စည်းဖို့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေက ဆွေးနွေးနေကြတာပါ။

PPCM ဟာ NCA လက်မှတ်မထိုးရသေးတဲ့ ကျန်အဖွဲ့တွေ အားလုံး ပါဝင်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ဒီစုဖွဲ့မှုအသစ်ကို အဆိုပြုခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က ဆိုပါတယ်။

အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကိုဖျက်ပြီး PPCM ဖွဲ့စည်းဖို့ ဆွေးနွေးတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO

ဓာတ်ပုံ ပုံစာ, အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကိုဖျက်ပြီး PPCM ဖွဲ့စည်းဖို့ ဆွေးနွေးတာဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက NCA အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ မတူညီတဲ့အချက်တွေကို PPCM က ညှိနှိုင်းဆောင်ရွက်ပြီး အဖြေရှာဖို့ ရည်ရွယ်ပါတယ်။

PPCM ရဲ့ တာဝန်ကို တိတိကျကျ ဆွေးနွေးအတည်မပြုနိုင်သေးပေမဲ့ အရင်က NCA ဖြစ်လာအောင် အစိုးရဘက်က တင်ပြလာတာနဲ့ တိုင်းရင်းသားအဖွဲ့က တင်ပြလာတဲ့ အဆိုနှစ်ခုကို တစ်ခုဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ ဦးခွန်စိုင်း က ပြောပါတယ်။

"အစိုးရနဲ့ ဆွေးနွေးပြီဆိုရင် အခုဟာက လက်မှတ်ထိုးတဲ့ အဖွဲ့တွေ အမြင်ပဲ ဖြစ်နေတယ်။ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုလို့ရှိရင် ဒီလက်မှတ်မထိုးတဲ့ အဖွဲ့တွေရဲ့အမြင် သူတို့ရဲ့ input တွေကိုလည်း ထည့်သွားပြီးတော့မှ ပြည့်စုံမယ်"လို့ ဦးခွန်စိုင်းက ဆိုပါတယ်။

အဲဒီအဖွဲ့ ဖွဲ့စည်းရေးနဲ့ အတည်မပြုနိုင်သေးတာနဲ့ ပတ်သက်ပြီး "ခုနစ်ဖွဲ့ကတော့ PPST ကို ဆက်ထားပြီးတော့မှ PPCM ကို တိုးချဲ့သွားဖို့ ပြောပါတယ်။ နှစ်ဖွဲ့ကတော့ PPCM ကို သတ်သတ် ဖွဲ့ဖို့လိုတယ်။ သတ်သတ် လှုပ်ရှားဖို့ လိုတယ်လို့ ပြောပါတယ်။ နောက်တစ်ဖွဲ့ကတော့ စောင့်ကြည့်ပြီးတော့မှ ကောင်းတဲ့ဘက်လိုက်မှာပေါ့ ဆိုတာလည်း ရှိတာပေါ့" လို့ ဦးခွန်စိုင်းက ပြောပါတယ်။

KNU က အဆိုပြုထားတဲ့ PPCM စုဖွဲ့မှုကို အပစ်ရပ် လက်မှတ် မထိုးရသေးတဲ့ ဝပြည်သွေးစည်းညီညွှတ်ရေး အဖွဲ့ UWSA ကလည်း အကောင်းမြင်တယ်လို့ UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို ထိုင်းအာဏာပိုင်က ခွင့်မပြုတဲ့အတွက် ရွှေ့ဆိုင်းလိုက်ရပါတယ်။