မြောက်ဦးမှာ AA တပ်ဖွဲ့ဝင် ၂၃ ဦးဖမ်းမိတယ်လို့ ကာချုပ်ရုံးထုတ်ပြန်တဲ့အကြောင်းအပါအဝင် ဧပြီ ၁၁ ရက်နေ့ မနက်ခင်းသိသင့်တဲ့ သတင်းများ

ရခိုင်ပြည်နယ်ထဲ ခြေကုပ်ယူမယ်လို့ ဟစ်ကြွေးထားတဲ့ အေအေ

ဓာတ်ပုံ ရင်းမြစ်, Arakan Army

ဓာတ်ပုံ ပုံစာ,

ရခိုင်ပြည်နယ်ထဲ ခြေကုပ်ယူမယ်လို့ ဟစ်ကြွေးထားတဲ့ အေအေ

(၁) မြောက်ဦးမှာ AA တပ်ဖွဲ့ဝင် ၂၃ ဦးဖမ်းမိတယ်လို့ ကာချုပ်ရုံးထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင် ၂၃ ဦး ဖမ်းမိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဧပြီလ ၉ ရက်နေ့ ည ၁၀ နာရီလောက်မှာ မြောက်ဦးမြို့ပေါ်က အမှတ် ၃၁ ရဲတပ်ရင်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တပ်ဘက်က လိုက်လံရှင်းလင်းရာမှာ အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီး လက္ကာရွာထဲက မသင်္ကာဖွယ်ရွာသား ၂၃ ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်

တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

လက္ကာကျေးရွာဟာ မြောက်ဦးရဲ့ မြောက်ဘက် ၈ မိုင်အကွာ ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

ဒေသခံရွာသားတွေကတော့ ဖမ်းဆီခံရသူတွေဟာ AA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း သာမာန်လက်လုပ်လက်စား ရွာသားတွေ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အလားတူပဲ ဧပြီလ ၈ ရက်နေ့တုန်းကလည်း မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုဟာ ရေတပ်သင်္ဘောနဲ့ မြောက်ဦးမြို့နယ် ရဲဖျားကျေးရွာမှာ ရွာသားတွေကို မှတ်ပုံတင်စစ်ဆေးပြီး ကျေးရွာဆေးဆရာ ၁ ဦး ဖြစ်တဲ့ ဦးလှသိန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

(၂) နေပြည်တော်မှာ အမေရိကန်သံရုံးရဲ့ ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့ ပြင်ဆင်

နေပြည်တော်မှာ အမေရိကန်သံရုံးရဲ့ ဆက်ဆံရေးရုံးဖွင့်ဖို့ အဆောက်အဦးပန္နက်ချခဲ့

ဓာတ်ပုံ ရင်းမြစ်, Ministry of Foreign Affairs

ဓာတ်ပုံ ပုံစာ,

နေပြည်တော်မှာ အမေရိကန်သံရုံးရဲ့ ဆက်ဆံရေးရုံးဖွင့်ဖို့ အဆောက်အဦးပန္နက်ချခဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တက်လာပြီးနောက် တရုတ်သံရုံးရဲ့ ဆက်ဆံရေးရုံးကို နေပြည်တော်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် အခု အမေရိကန်သံရုံးကလည်း ဧပြီလ ၁၀ ရက်နေ့မှာ နေပြည်တော်မှာ ဆက်ဆံရေးရုံးဖွင့်ဖို့ အဆောက်အဦ ပန္နက်ချခဲ့ပါတယ်။

ဆက်ဆံရေးရုံးကို နေပြည်တော် ဟီလ်တန် ဟိုတယ်ဝင်းအတွင်း ထားရှိမှာဖြစ်ပြီး လာမယ့် ၂၀၂၀ မှာဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။

အမေရိကန်သံအမတ် စကော့မာစီရယ်က 'အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ခင်ရင်းနှီးမှု၊ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကတိကဝတ်တွေ ကိုယ်စားပြုတဲ့ ရုံးခန်းနေရာပါ၊ နောင်နှစ်ပေါင်းများစွာအထိ ချစ်ခင်ရင်းနှီးမှုတွေ မျှော်လင့်ထားပါတယ်' လို့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

NLD အစိုးရတာဝန်ယူပြီးတဲ့နောက်ပိုင်း အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မှာရှိတဲ့သံရုံးတွေကို နေပြည်တော်မှာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ သံရုံးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာသန်း ၉၅၀ ကျော် ပံ့ပိုးကူညီခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှု၊ လွတ်လပ်စွာပြောဆိုရေးသားခွင့်တွေမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတွေကို ပြစ်တင်ဝေဖန်မှုတွေလည်း လုပ်ခဲ့ပါတယ်။

(၃) ကင်ဆာကုသနိုင်မယ့် နည်းလမ်းသစ်ကို ဆေးသိပ္ပံပညာရှင်တွေ တွေ့ရှိ

ကင်ဆာဆဲလ်တွေကို တစစီပျက်သုန်းသွားအောင် လုပ်နိုင်မယ့်လမ်းစကို တွေ့ရှိပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ကင်ဆာဆဲလ်တွေကို တစစီပျက်သုန်းသွားအောင် လုပ်နိုင်မယ့်လမ်းစကို တွေ့ရှိပြီ

ဗြိတိန်က ဆေးပညာသုတေသီတွေက ကင်ဆာဆဲလ်တွေထဲက အားနည်းတဲ့အပိုင်းတွေကို ရှာဖွေနိုင်ခဲ့ပြီးတော့ အဲ့ဒီကနေ ကင်ဆာဆဲလ်တွေကို တစစီပျက်သုဉ်းသွားအောင် လုပ်နိုင်မယ့်လမ်းစကို တွေ့ရှိပြီလို့ ပြောလိုက်ပါတယ်။

ကင်ဆာအမျိုးအစားပေါင်း ၃၀ ခန့်ကို လေ့လာခဲ့တဲ့ ကိန်းဘရစ်ချ်တက္ကသိုလ်က သုတေသီတွေက အခုတွေ့ရှိမှုဟာ ကင်ဆာသုတေသနမှာ တကယ့်အောင်မြင်မှုကြီး တစ်ခုဖြစ်ပြီးတော့ ကင်ဆာဆဲလ်ကို ပြစ်မှတ်ထား ရှင်းလင်းနိုင်မယ့် ဆေးဝါးဖော်ထုတ်ရေးမှာ အရေးကြီးတဲ့အဆင့်ကို တက်လှမ်းနိုင်တာလို့ ပြောပါတယ်။

(၄) သမ္မထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်ကမ်ပိန်းတွေကို သူလျှိုလုပ်ထောက်လှမ်းခဲ့တဲ့အပေါ် စစ်ဆေးမယ်လို့ ရှေ့နေချုပ်ပြော

အမေရိကန်သမ္မတ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အမေရိကန်သမ္မတ ထရမ့်

အမေရိကန်ရှေ့နေချုပ် ဝီလျံဘားလ်က အမေရိကန်ထောက်လှမ်းရေးဌာနတွေအနေနဲ့ ၂၀၁၆ ခုနှစ် ဒေါ်နယ်လ်ထရမ့်ရဲ့ သမ္မတရွေးကောက်ပွဲမဲဆွယ်မှုတွေကို လျှို့ဝှက်ထောက်လှမ်းသတင်းယူခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အဲ့ဒီစုံစမ်းထောက်လှမ်းမှုတွေဟာ သင့်တော်မတော် သူ့အနေနဲ့ စမ်းစစ်လိုတဲ့အကြောင်း ရှေ့နေချုပ်က ဆီးနိတ်အထက်လွှတ်တော်ကော်မတီ ရှေ့မှောက်မှာ ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရမ့်ကလည်း သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်မှုအပေါ် အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို FBI ဒါရိုက်တာဟောင်း ရောဘတ်မှုလာက စုံစမ်းခဲ့တာဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှု တစ်ခု ဖြစ်တယ်လို့ ပြောပြီး ဒီလို ထောက်လှမ်းတာကို စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။