မြန်မာတပ်မတော်နဲ့ လက်နက်ကိုင်တိုင်းရင်းသားအအဖွဲ့အစည်းတွေက မြေမြှုပ်မိုင်းကို အသုံးပြုနေဆဲ

မြေမြုပ်မိုင်းအသုံးများတဲ့နိုင်ငံတွေထဲက မြန်မာနိုင်ငံလည်းပါ

ဓာတ်ပုံ ရင်းမြစ်, David Longstreath

ဓာတ်ပုံ ပုံစာ, မြေမြုပ်မိုင်းအသုံးများတဲ့နိုင်ငံတွေထဲက မြန်မာနိုင်ငံလည်းပါ

မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးစတင်လုပ်ဆောင်ချိန် ကစပြီး မြေမြုပ်မိုင်းကြောင့် သေဆုံးသူ သို့မဟုတ် ထိခိုက်ဒဏ်ရာရသူ ၁၂၀၀ နီးပါး ရှိနေတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့အစည်း တစ်ခုက ဆိုပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၂ နှောင်းပိုင်းက အရင်အစိုးရခေတ်က စတင်ခဲ့ပေမယ့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေက အခုချိန်ထိ မြေမြှုပ်ရေးရှင်းလင်းရေးလုပ်ငန်းတွေ မဆောင်ရွက် နိုင်သေးဘူးလို့ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ကအစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံပြည်တွင်းစစ်ကြောင့် တပ်မတော်အပါအဝင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေက မြေမြှုပ်မိုင်းကို အနှံ့အပြား အသုံးပြုကြပြီး လက်ရှိမှာလည်း ဆက်လက်အသုံးပြုနေပါတယ်။ အရင်နှစ်အတွင်းမှာ မြေမြှုပ်မိုင်းအသုံးပြုမှု မြင့်တက်ခဲ့ပြီး တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူဦးရေ များတဲ့နိုင်ငံတွေထဲက မြန်မာနိုင်ငံ လည်း ပါဝင်တယ်လို့ (ICBL) ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြေမြှုပ်မိုင်းဒဏ်ကို အများဆုံးခံစားရတဲ့ ပြည်နယ်တွေက အခုလက်ရှိ တိုက်ပွဲတွေဖြစ်နေဆဲ ဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဖြစ်ပြီး ဒေသခံတော်တော်များများဟာ မိမိတို့ရဲ့ တောင်ယာ တွေကို သွားလာတဲ့နေရာမှာ စိုးရိမ်ပူပန်နေရတယ်လို့ ပအိုဝ်း အမျိုးသမီးသမဂ္ဂရဲ့ ဒါရိုက်တာ နန်းဇင်နွယ်က ဘီဘီစီကို ပြောပါတယ်။

နင်းမိတဲ့ဧရိယာဟာ ဒေသခံပြည်သူတွေရဲ့ သွားလာနေကျ နေရာတွေဖြစ်ပြီးတော့ အခုလို အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့ နေရာတွေသွားလာဖို့ ဒေသခံတွေက ကြောက်လာကြတယ်လို့ နန်းဇင်နွယ်က ဆိုပါတယ်။

"ရွာသူရွာသားတွေ အသက်မွေးဝမ်းကျောင်းအတွက် မှီခိုနေရတာက တောင်ယာမြေတွေ ဖြစ်တယ်၊ တိရစ္ဆာန်တွေ၊ ရွာသားတွေ မြေမြှုပ်မိုင်းနင်းမိတာတွေများလာတော့ အရင်သွား နေကျ တောင်ယာ စိုက်ခင်းတွေကို ရွာသားတွေက မသွားရဲကြဘူး၊ ဒေသခံပြည်သူတွေ သွားလာလှုပ်ရှား လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာ မြေမြှုပ်မိုင်း လုံး၀ အသုံးမပြုဖို့ ကျွန်မတို့ ပြောချင်ပါတယ်" လို့ နန်းဇင်နွယ်က ပြောပါတယ်။

ဒေသခံတွေအတွက် လူညွန့်တုံးစေတဲ့ မြေမြှုပ်မိုင်းတွေကို ဖယ်ရှားပေးဖို့နဲ့ နောင်ပြည်တွင်းစစ် ပဋိပက္ခတွေမှာ အသုံးထပ်မပြုဖို့ ဒေါ်နန်းဇင်နွယ်က အခုလို တိုက်တွန်းခဲ့ပါတယ်။

မြေမြှုပ်မိုင်းအများဆုံးအသုံးပြုတဲ့နေရာတွေမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေ ဖြစ်ကြပါတယ်။ လက်နက်ကိုင်ပဋိပက္ခနဲ့အတူ လက်နက်ကိုင်အဖွဲ့တွေက ကိုယ့်နယ်မြေတပ်စခန်း ကာကွယ်ဖို့ အတွက် မြေမြှုပ်မိုင်းအသုံးပြုလာကြပါတယ်။

ရန်ကုန်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ Myanmar Institute For Peace and Security ရဲ့ မြို့နယ်အဆင့်ပဋိပက္ခ စောင့်ကြည့်ရေး အချက်အလက် တွေအရ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်း မြန်မာတနိုင်ငံလုံးမှာ လက်နက်ကိုင်ထိ တွေ့မှု (၃၄) ကြိမ်၊ ဒေသန္တရ လက်လုပ်မိုင်း အသုံးပြု တိုက်ခိုက်မှု ၁ဝ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ (ICBL) အစီရင်ခံစာဟာ နှစ်စဉ် ထုတ်ဝေနေကျဖြစ်ပြီး ၂၀၁၈ ခုနှစ် တကမ္ဘာလုံးဆိုင်ရာ မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေး အစီရင်ခံစာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်