ကြံ့ခိုင်ရေးပါတီ သွားနေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းကဘာလဲ

ကြံ့ခိုင်ရေးပါတီ အစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ် ရှစ်ဦးဆွေးနွေးဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ကြံ့ခိုင်ရေးပါတီ အစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ် ရှစ်ဦးဆွေးနွေးဖို့ရှိ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် က တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို သြဂုတ်လ ၂၃ ရက်နေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြမယ်လို့လွှတ်တော်ကထုတ်ပြန်ပါတယ် ။

အဲဒီအစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ် ရှစ်ဦး၊ အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ် လေးဦး အပါအဝင် ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးကြမှာဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်းက သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ကို လျှော့ချတဲ့ ပုဒ်မ လေးခုကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် မှာ တင်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

လွှတ်တော် ဥပဒေကြမ်းကော်မတီက ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီနဲ့ ပူးပေါင်းဖို့ သဘောထားမှတ်ချက် ပြုထားပါတယ်။

"ဒီဟာကို လွှတ်တော်မှာ ဆွေးနွေးပြီးရင်တော့ ကော်မတီရဲ့မှတ်ချက်ပေါ်မှာ အတည်ယူမလား ကန့်ကွက်မလား မဲခွဲကြမှာပါ၊ မဲခွဲရင်တော့ အရင် တခါတုန်းကလိုပဲ ပူးပေါင်းကော်မတီထည့်ဖို့ မှတ်ချက်က အတည်ဖြစ်နိုင်တယ်" လို့လည်း မအူပင် မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ဘီဘီစီကိုပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချထားတဲ့ ပုဒ်မ လေးခု ကြံ့ခိုင်ရေးပါတီ မူကြမ်းမှာပါဝင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချထားတဲ့ ပုဒ်မ လေးခု ကြံ့ခိုင်ရေးပါတီ မူကြမ်းမှာပါဝင်

အဲဒီမူကြမ်းမှာဘယ်အချက်တွေအဓိကပါလဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချထားတဲ့ ပုဒ်မ လေးခုပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းကို ပြီးခဲ့တဲ့ မေလကုန်က တင်သွင်းခဲ့တာပါ။

ပူးပေါင်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဥပဒေရေးထုံးနဲ့မညီညွတ်လို့ လွှတ်တော်က လက်ခံဆွေးနွေးဖို့ မသင့်တဲ့အကြောင်း သဘောထား မှတ်ချက်ပြုခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းကို တပ်မတော်သားကိုယ်စားလှယ် ၁ဝ၅ ဦး၊ အရပ်သားကိုယ်စားလှယ်အယောက် ၄ဝ တို့က လက်မှတ်ရေးထိုး တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဥပဒေကြမ်းတင်သွင်းခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပူးပေါင်းကော်မတီဟာ ဥပဒေကို လေးစားလိုက်နာခြင်းမရှိဘူးလို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

"အခုသူတို့ပြောတဲ့ဟာတွေနဲ့ ၄၅ ဦးကော်မတီက ပြင်ဖို့ အကြံပြုချက်တွေက ဘာမှမကွာပါဘူး၊ အကုန်လုံးနီးပါးတူပါတယ်၊ ဒါကြောင့် ၄၅ ဦးကော်မတီ ပြင်မယ့် အထဲထည့်ဖို့ ဥပဒေကြမ်းကော်မတီက မှတ်ချက် ပြုတာပါ "လို့လည်း ၄၅ ဦးကော်မတီ အဖွဲ့ဝင် ဦးစိန်ဝင်းက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ် တွေ အပါအဝင် အခြားသောနိုင်ငံရေးပါတီတွေကပါ ပါဝင်ဖို့လို

ဓာတ်ပုံ ရင်းမြစ်, Pyihtaung su hlutaww

ဓာတ်ပုံ ပုံစာ,

တပ်မတော်သားကိုယ်စားလှယ် တွေ အပါအဝင် အခြားသောနိုင်ငံရေးပါတီတွေကပါ ပါဝင်ဖို့လို

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တိုင်းရင်းသားပါတီတွေဘက်ကဥပဒေကြမ်းအပေါ်ဘယ်လိုသဘောထားရှိလဲ

"ကျွန်တော် တို့ ပထမအကြိမ်ပြင်တုန်းကရော ဒုတိယ အကြိမ်မှာရော ဥပဒေကြမ်းကို ကျွန်တော်တို့ကိုယ်စားလှယ်တွေဆီ ဖြန့်ထားတာ မရှိပါဘူး၊ ဥပဒေကြမ်းကော်မတီမှတ်ချက်ကနေ ကြားရတဲ့ အနေအထားပါ ။ ကျွန်တော်တို့ အသေးစိတ်တော့ သိပ်မသိပါဘူး၊ တဆင့်ပြန်ကြားရတဲ့ အနေအထားမှာဖြစ်ပါတယ် "လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဘက်ကတော့ သူတို့သွားနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးပုံစံနဲ့ လွှတ်တော်က သွားနေတဲ့ပုံစံ က မတူဘူးလို့ ပြောထားပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ပြင့်မယ့် အချက်တွေဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ဥပဒေကြမ်း တစ်ခု၊ ၄၅ ဦးကော်မတီက ဥပဒေကြမ်း တစ်ခု သီးခြားခွဲပြင်ကြရင် လုပ်ရကိုင်ရ တာ ခက်ခဲသွားနိုင်တယ် လို့လည်း မှတ်ချက်ပြုပါတယ်။

"အခြေခံ ဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေးအရ အမြတ်ရလိုမှုတစ်ခုတည်းကို စဉ်းစားပြီးလုပ်မယ်ဆိုရင်တော့ အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ မြင်တယ်။တကယ်တမ်း စိတ်စေတနာ မှန်မှန်နဲ့ ပြင်ဖို့က တပ်မတော်သားကိုယ်စားလှယ်တွေ အပါအဝင် အခြားသောနိုင်ငံရေးပါတီတွေကပါ ပါဝင်ဖို့လိုတယ်"လို့လည်း ဦးစိုင်းသီဟကျော် က ပြောပါတယ်။

ပူးပေါင်းကော်မတီလမ်းကြောင်းက လွှတ်တော်ကိုယ်စားလှယ် အများစု သဘောတူဆုံးဖြတ်ချက်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပူးပေါင်းကော်မတီလမ်းကြောင်းက လွှတ်တော်ကိုယ်စားလှယ် အများစု သဘောတူဆုံးဖြတ်ချက်ဖြစ်

လွှတ်တော်မှာ မဲခွဲရင် အခြေနေကောင်းနိုင်လား

"မဲခွဲရင် ပထမတစ်ခါတုန်းက ရှုံးနိုင်တာ သိရဲ့သားနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ဥပဒေကြမ်းကို တင်နေတာဟာ နိုင်ငံရေးအရ လို့မြင်တယ်"လို့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီဝင် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ကပြောပါတယ် ။

သို့သော် ဒီနှစ်ခုက ပုံစံတော့ ကွဲလွဲနေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

"ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဥပဒေကြမ်းဆွဲပြီးသားကို တင်တာ၊ အန်အယ်ဒီက အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဥပဒေကြမ်းကို ပေါင်းပြီးဆွဲကြမှာ၊ ဘယ်အချက်တွေပါမယ် ဆိုတာ အတိအကျ မသိရသေးဘူး"လို့လည်း ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကပြောတဲ့ ပူးပေါင်းကော်မတီလမ်းကြောင်းဟာ ဥပဒေနဲ့ မညီဘူးဆိုတာနဲ့ ပတ်သက်လို့ ဒါဟာ လွှတ်တော်ကိုယ်စားလှယ် အများစုက သဘောတူဆုံးဖြတ်ထားလို့ ကိုယ်စားလှယ် အများစု သဘောတူဆုံးဖြတ်ချက်ကို ဥပဒေနဲ့ မညီဘူးလို့ ပြောဆိုရာရောက်တယ်လို့လည်း ဦးစိုင်းသီဟကျော်က ပြောပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့ မှာ ဆွေးနွေးပြီးရင် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ကြဖို့ရှိပါတယ် ။

ဘာပဲဖြစ်ဖြစ် အချုပ်အားဖြင့်ပြောရင်တော့ အခြေခံဥပဒေပြင်ဆင်ရေးကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်တိုင်က ကြိုးစားနေတယ် ဆိုတာပါပဲလို့လည်း ဦးစိုင်းသီဟကျော်က ပြောပါတယ်။