မြစ်ဆုံ ဆောက်ဖြစ်အောင် ဆောက်မယ်၊ KIA အပစ်ရပ်စာချုပ် လက်မှတ်ထိုးအောင် တရုတ် လုပ်မယ်လို့ဆို

ပြီးခဲ့တဲ့လက ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ပြီးခဲ့တဲ့လက ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့

တရုတ် အစိုးရက မြစ်ဆုံ စီမံကိန်းကို ဆောက်ဖြစ်အောင်ဆောက်မယ့် အကြောင်းနဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုး ဖြစ်အောင် လုပ်မယ်လို့ ပြောကြောင်း ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ပြောပါတယ်။

မတ်လ ၁ ရက်နေ့က ယူနန်ပြည်နယ် အစိုးရက ခေါ်ယူ တွေ့ဆုံပြီး မြစ်ဆုံဆည်အကြောင်းနဲ့ KIA အဖွဲ့ NCA စာချုပ် လက်မှတ်ထိုးရေး အကြောင်း ဆွေးနွေး ခဲ့ရာမှာ KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကေဘီစီ မြစ်ကြီးနား ဇုန်နယ် အထွေထွေ အတွင်းရေးမှူး သင်းအုပ်ဆရာ ဦးခွန်နောင်၊ ထိန်နိုင်း ဇုန်နယ် အထွေထွေ အတွင်းရေးမှူး ဦးခွန်နောင် တို့ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

မြစ်ဆုံ စီမံကိန်းကို ဘယ်သူတွေက ဘယ်လို ကန့်ကွက်သလဲ၊ ဒေသခံတွေက ဘယ်လို ကန့်ကွက်ကြသလဲ ဆိုတာတွေကို တရုတ်ဘက်က အရင်ဆုံး မေးမြန်းခဲ့ပြီး နောက်ဆုံးမှာ မြစ်ဆုံ စီမံကိန်းကို လုပ်ကို လုပ်မယ် ဆိုတဲ့ သူတို့ သဘောထားကို ပြောခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြစ်ကြီးနား ဇုန်နယ်က သင်းအုပ်ဆရာ ဦးခွန်နောင်က ဘီဘီစီကို ပြောပါတယ်။

စီမံကိန်းကို ဘယ်တော့လောက် စတင်မယ်ဆိုတာနဲ့ အစိုးရနဲ့ ဘယ်လောက်ထိ သဘောတူ ညှိနှိုင်းထားတာတွေ ရှိမရှိ ဆိုတာတော့ တရုတ်ဘက်က ပြောမပြခဲ့ဘူးလို့ သူက ဆိုပါတယ်။

ဘာသာရေးခေါင်းဆောင်တွေရဲ့ သဘောထားကို မေးခဲ့ရာမှာတော့ သူတို့ ဘက်က လက်ခံတယ် လက်မခံဘူး ဆိုတာကို မပြောခဲ့ဘဲ မြစ်ဆုံစီမံကိန်းဟာ မြန်မာ တစ်နိုင်ငံလုံးက ပြည်သူ တစ်ရပ်လုံးနဲ့ ဆိုင်တဲ့ အရေး ဖြစ်တဲ့ အတွက် အားလုံးရဲ့ သဘောထားကို ရယူဖို့ အရေးကြီးတယ်လို့ ပြန်ပြောခဲ့ကြောင်း ဦးခွန်နောင်က ဘီဘီစီကို ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကို ဆန္ဒပြတဲ့ ကချင်တိုင်းရင်းသူနဲ့ ကလေးငယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

မြစ်ဆုံစီမံကိန်းကို ဆန္ဒပြတဲ့ ကချင်တိုင်းရင်းသူနဲ့ ကလေးငယ်

တရုတ်အစိုးရနဲ့ ကချင် ဘာသာရေး ခေါင်းဆောင်တွေ ဆွေးနွေးကြတဲ့ နောက်အကြောင်းအရာက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို KIA က လက်မှတ်ထိုးရေး ဖြစ်ပါတယ်။

NCA စာချုပ်ကို KIA အနေနဲ့ လက်မှတ်ထိုးလာအောင် တိုက်တွန်းပေးဖို့ တရုတ်ဘက်က ပြောခဲ့တယ်လို့ ဦးခွန်နောင်က ပြောပါတယ်။

တပ်မတော်နဲ့ KIA ကြား အပစ်ရပ် စာချုပ် လက်မှတ်ထိုးပြီးတဲ့နောက် နယ်စပ်မှာ နှစ်ဘက် ပစ်ခတ်မှုတွေ ဖြစ်လာမယ်ဆိုရင် တိုက်ပွဲ စတင် ပြန်ဖြစ်ပေါ်စေတဲ့သူ စည်းကမ်းချိုးဖောက်သူကို တရုတ်က အရေးယူမယ်လို့ ပြောခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ဒီလိုပြောပေမဲ့ ဘယ်လို အရေးယူလို့ရသလဲ၊ ဘယ်လို အရေးယူမလဲ ဆိုတာမျိုးကိုတော့ တရုတ်ဘက်က ပြောခဲ့တာ မရှိဘူးလို့ သူက ဆိုပါတယ်။

ကာယကံရှင်ဖြစ်တဲ့ KIA ကို တိုက်ရိုက် ခေါ်ယူဆွေးနွေးတာ မလုပ်ဘဲ KBC ကိုသာ ခေါ်ယူတွေ့ဆုံတာနဲ့ ပတ်သက်လို့တော့ ဒါဟာ မြန်မာ အစိုးရ အပါအဝင် အများရဲ့ အမြင်မှာ KBC ကြောင့် KIA ရပ်တည်နေနိုင်တယ်လို့ ယူဆနေကြတဲ့ အတွက် တရုတ်ဘက်ကလည်း အလားတူ ယူဆလို့ ဖြစ်နိုင်တယ်လို့ ဦးခွန်နောင် က သုံးသပ်ပါတယ်။

ရန်ကုန် မြို့တော် ခမ်းမ ရှေ့မှာလည်း မြစ်ဆုံစီမံကိန်းကို ဆန္ဒပြခဲ့ကြ
ဓာတ်ပုံ ပုံစာ,

ရန်ကုန် မြို့တော် ခမ်းမ ရှေ့မှာလည်း မြစ်ဆုံစီမံကိန်းကို ဆန္ဒပြခဲ့ကြ

အခုလို ခေါ်တွေ့တာဟာ တရုတ်ဘက်က သူတို့ရဲ့ သဘောထားကို ခေါ်ယူပြောပြတာသာ ဖြစ်နိုင်ပြီး ဖိအားပေးတယ်လို့တော့ မယူဆကြောင်းနဲ့ KIA ရဲ့ နောက်မှာ ကချင်ပြည်သူတွေ ရှိပြီး အဲဒီကချင်ပြည်သူတွေအပေါ် ဘာသာရေး အဖွဲ့အစည်းဖြစ်တဲ့ KBC က သြဇာသက်ရောက်နိုင်တဲ့ အတွက် အခုလို ခေါ်ယူတွေ့ဆုံတာ ဖြစ်နိုင်တယ်လို့ ဦးခွန်နောင်က ဆိုပါတယ်။

တကယ်လို့ ဖိအားပေးမယ် ဆိုရင် ကာယကံရှင်တွေကို ခေါ်ယူပြောဆိုဖို့သာ ရှိပြီး ဘာသာရေး အသင်းအဖွဲ့ဖြစ်တဲ့ KBC ကိုတော့ ဖိအား ပေးစရာလိုမယ် မထင်ဘူးလို့လည်း သူက ပြောပါတယ်။