Got a TV Licence?

You need one to watch live TV on any channel or device, and BBC programmes on iPlayer. It’s the law.

Find out more
I don’t have a TV Licence.

သတင်း တိုက်ရိုက် ပေးပို့ချက်

time_stated_uk

  1. Post update

    ဒီကနေ့အတွက် တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက် ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်နေတဲ့ ဒီစာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ခဲ့တဲ့ သတင်းတွေကို ဖတ်ရှုခဲ့တဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

  2. တပ်ပိုင်မြဝတီဘဏ်တွေကနေ ငွေတွေ ပြန်ထုတ်နေကြ

    ရန်ကုန်က မြဝတီဘဏ် ရှေ့‌ငွေထုတ်သူတွေတန်းစီနေ
    Image caption: ရန်ကုန်က မြဝတီဘဏ်တစ်ခုရှေ့‌ ငွေထုတ်သူတွေတန်းစီနေ

    တပ်ပိုင် မြဝတီဘဏ်တွေကနေ အခုရက်ပိုင်းမှာ လူတွေက အပ်ငွေတွေ ပြန်ထုတ်နေကြပါတယ်။

    မြဝတီဘဏ်တွေမှာ ငွေထုတ်သူတွေများလို့ တစ်နေ့ကို လူဦးရေ ၂၀၀ နဲ့ တစ်ဦးကို ငွေကျပ်သိန်း ၅၀ ကိုသာ အများဆုံး ထုတ်ယူခွင့် ပေးတယ်လို့လည်း‌ ငွေထုတ်ခဲ့သူတွေက ပြောပါတယ်။

    အာဏာသိမ်းမှု လုပ်ခဲ့တဲ့ စစ်တပ်ကို အမေရိကန်က အရေးယူ ပိတ်ဆို့ပြီးတဲ့နောက် ရန်ကုန်မြို့ ဝါးတန်းလမ်းမှာရှိတဲ့ တပ်ပိုင် မြဝတီဘဏ်ရုံးချုပ်ရှေ့မှာ ငွေထုတ်ယူသူ ရာချီ ရှိခဲ့ပါတယ်။

    တပ်ပိုင်ဘဏ်ကနေ ‌ငွေထုတ်တာကတော့ စိုးရိမ်မှုတွေ ရှိနေလို့ ထုတ်တာ ဖြစ်တယ်လို့‌ ငွေထုတ်သူ တစ်ဦးက ပြောပါတယ်။

  3. သံတွဲမှာ ဆန္ဒပြသူလေးဦးအဖမ်းခံရ

    သံတွဲက စစ်အာဏာဆန့်ကျင်‌‌ရေးလှုပ်ရှားမှု
    Image caption: သံတွဲက စစ်အာဏာဆန့်ကျင်‌‌ရေးလှုပ်ရှားမှု

    ရခိုင်ပြည်နယ် သံတွဲမြို့က ဖေဖော်ဝါရီလ ၁၆ ရက် အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြမှုမှာပါဝင်သူတွေနဲ့ ရဲတပ်ဖွဲ့၊ တပ်မတော်တို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး ကျောင်းသားလူငယ်တွေ အပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ မဆောင်းနှင်းဝေက ဘီဘီစီကို ပြောပါတယ်။

    ဆန္ဒပြပွဲစတင်ပြီး မကြာခင်မှာဘဲ ရှေ့ဆုံးကနေ အလံကိုင် ဆန္ဒပြနေကြတဲ့ ကျောင်းသားနှစ်ဦးနဲ့ ကျောင်းသူနှစ်ဦးတို့ကို အရပ်ဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရတဲ့သူတွေက ဆွဲခေါ်ပြီး ဖမ်းဆီးခံလိုက်ရသလို အဲဒီဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ မြို့မရဲစခန်းရှေ့မှာ တောင်းဆိုမှုတွေပြုလုပ်နေကြစဉ်မှာ နောက်ထပ်အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးတာ ခံလိုက်ရတယ်လို့ မဆောင်းနှင်းဝေက ပြောပါတယ်။

    ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားလူငယ်တွေကတော့ မောင်အောင်ခိုင်မြင့်၊ မောင်ရန်ပိုင်ထွေး၊ မမြမြဝင်းနဲ့ ဦးခင်အောင်တို့ ဖြစ်ကြပါတယ်။

    လက်ရှိမှာတော့ ဦးခင်အောင်ကို မြို့မရဲတပ်ဖွဲ့မှာ ထိန်းသိမ်းထားပြီး မမြဝင်းနဲ့ ကိုအောင်ခိုင်မြင့် ကို ၅၅ တပ်ရင်းမှာ၊ ကိုမောင်မောင်ကို ၆၆ တပ်ရင်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သတင်းရရှိကြောင်းနဲ့ သူတို့ကို ပြန်လည်လွှတ်ပေးဖို့အတွက် တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြတယ်လို့ မဆောင်နှင်းဝေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက CDM လှုပ်ရှားမှုတွေကို ဂွ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မာန်အောင်မြို့တွေမှာ လူအင်အား အများအပြားနဲ့ ပြုလုပ်ခဲ့ကြပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် ရပ်နားနေခဲ့ရာကနေ ဒီကနေ့မှာ ပြန်လည်ပြီးတော့ ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

    အခုလို ဆန္ဒပြမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးခံထားရသူပေါင်း ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်အထိဆိုရင် ၁၉ ဦးခန့်ရှိနေပြီလို့သိရပါတယ်။

    ဖမ်းဆီးခံနေရသူတွေကိုတော့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်တပ်ရင်းတွေမှာ ထိန်းသိမ်း ထားရှိပြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဖမ်းဆီးခံလိုက်ရတဲ့သူတွေနဲ့ အဆက်အသွယ်မရရှိဘဲ ဘယ်နေရာကို ရောက်ရှိနေတယ်ဆိုတာကို မသိရဘူးလို့ မိသားစုတွေက ပြောပါတယ်။

  4. စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုးပြီး တရားစွဲ

    No tag

    အာဏာသိမ်းစစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်တိုးပြီး တရားစွဲခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို သဘာ၀ဘေးအန္တရာယ် စီမံမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်တိုး တရားစွဲခဲ့တာဟာ ဘာကြောင့် တရားစွဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကြည့်ခွင့်မရသေးကြောင်း သူက ပြောပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ဗီဒီယိုအွန်လိုင်းစနစ် video conferencing နဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

    အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ် စီမံမှုဥပဒေ ပုဒ်မ ၂၅၊ သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့နဲ့ ဒီနေ့ တရားစွဲတင်ခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အတွက် NLD ဗဟို အလုပ်အမှုဆောင်ကော်မတီက ငှားရမ်းထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က လိုက်ပါ ဆောင်ရွက်မှာဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်ကတော့ သူကိုယ်တိုင်လည်း ဥပဒေသမား ရှေ့နေတစ်ဦးဖြစ်တဲ့အတွက် ရှေ့နေ ငှားရမ်းလိုခြင်း မရှိဘူးလို့ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက် တရားရုံးထုတ်မှာ ပြောခဲ့တဲ့ အကြောင်း ဦးခင်မောင်ဇော်ကပြောပါတယ်။

    မြန်မာ စစ်အာဏာသိမ်းအစိုးရ ဘာဆက်လုပ်နိုင်သလဲ

  5. အာဏာသိမ်းအစိုးရလို့ မသုံးဖို့ သတင်းစာတိုက်တွေကို စာပို့

    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့မသုံးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းကြားစာ ပို့တဲ့အကြောင်း ရန်ကုန်အခြေစိုက် နေ့စဉ်ထုတ် သတင်းစာတွေက ဘီဘီစီကိုပြောပါတယ်။

    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်နေပြီး အာဏာသိမ်းအစိုးရလို့ မမှန်မကန်သုံးနှုန်းတာအပါအဝင် ဆူပူမှုဖြစ်အောင် လှုံ့ဆော်တာတွေ မလုပ်ဖို့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးမြင့်ကျော်က လက်မှက်ရေးထိုးပြီး ပေးပို့တယ်လို့ သိရပါတယ်။

    နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အာဏာသိမ်း စစ်ကောင်စီက သတင်းမီဒီယာတွေကို စတုတ္တမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်း မြစ်ကြီးနားမှာဖြစ်ခဲ့တဲ့ ဖြိုခွင်းမှုမှာ တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်ခဲ့တဲ့ သတင်းထောက်အချို့ကို တပ်က ဖမ်းဆီးခဲ့တာ ရှိပါတယ်။

    စစ်ကောင်စီလက်ထက်မှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့ အညီ လုပ်မယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသွားခဲ့ပြီး နိုင်ငံသားတွေရဲ့ လွတ်လပ်မှုကို အကာကွယ်ပေးဖို့အတွက် ဆိုပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြဋ္ဌာန်းခဲ့ပါတယ်။

    ရန်ကုန်အခြေစိုက် သတင်းစာ အများစုကတော့ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အာဏာသိမ်း စစ်ကောင်စီ အစိုးရပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တာ မရှိပါဘူး။

    No tag
  6. မြောင်းမြက ဆန္ဒပြပြည်သူတွေ ရဲက ပစ်ခတ်ဖြိုခွင်း၊ မျက်ရည်ယိုဗုံးတွေသုံး

    ဧရာဝတီတိုင်း၊ မြောင်းမြမှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေကနေ ဖမ်းဆီးခံထားရတဲ့ဒေသခံ (၃)ဦးကို ‌ပြန်လွှတ်‌ပေးဖို့ မြောင်းမြအကျဉ်း‌ထောင်ရှေ့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဆန္ဒပြတောင်းဆို‌နေတဲ့ ပြည်သူတွေကို လုံခြုံရေးရဲတပ်ဖွဲ့က ရေကားနဲ့ဖြိုခွဲတာ၊ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုဖြိုခွဲမှုကြောင့် ပြည်သူ (၁၀) ဦး‌လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ "ဆရာကို ဖမ်းထားတာကြောင့် ဆရာမတွေကလွှတ်ပေးဖို့ ဆန္ဒပြတယ်။ ဒါကို ရဲကားတွေက လာတယ်။ ပြည်သူတွေက ဝန်းရံဖို့ ထပ်ရောက်လာတယ်။ ဒီတော့ ရဲကို ပြည်သူတွေကို ဝိုင်းထားသလိုဖြစ်သွားတယ်။ ဒီလိုအ‌ခြေအနေတွေကြောင့် ပစ်ခတ်ဖြိုခွဲတယ်။ ရဲကား ၄စီးလောက်ပါပြီး ရဲကပဲ ပစ်တာပါ။ စစ်တပ်က လမ်းထိပ်မှာပဲ ရှိနေတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။ အခုလို အကြမ်းဖက်မှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေကို ပရဟိတဆေးခန်းမှာ ဆေးကုသပေးတယ်လို့ သိရပါတယ်။

    Protest
    Protest
    Protest
    Protest
  7. ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ‌ပြုပြင်ပြောင်းလဲရေး အကူအညီစီမံကိန်း ‌ခေတ္တ ဆိုင်းငံ့

    ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး‌ လေးစားအလေးထားတဲ့ ရဲတပ်ဖွဲ့ ဖြစ်လာစေဖို့ နိုင်ငံတကာစံနှုန်းနဲ့အတူ စွမ်းရည်မြှင့်တင်ပေး၊ သင်တန်းပေးတာတွေကို ခေတ္တ ဆိုင်းငံ့သွားမယ်လို့ ဥရောပသမဂ္ဂက ဖေဖော်ဝါရီ (၁၆) ရက်မှာ ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အ‌ခြေအနေတွေကြောင့် အဲဒီစီမံကိန်း ဆက်လုပ်ဖို့နဲ့ ရည်မှန်းထားတဲ့ ရလဒ်ရရှိနိုင်မယ့် အ‌ခြေအနေ မရှိတော့တာကြောင့်လို့ ဆိုပါတယ်။

    ဒီသင်တန်းအတွက် လက်နက်ပစ္စည်းကိရိယာတွေ ကူညီပံ့ပိုးမှု မလုပ်ခဲ့ဖူးလို့ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရ‌ှိပါတယ်။ ဒီစီမံကိန်းကို အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဥရောပသမဂ္ဂထံ တိုက်ရိုက်တောင်းဆိုခဲ့တာဖြစ်ပြီး စီမံကိန်းကို ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

    EU
  8. မန္တလေးမှာ မနေ့ဆန္ဒပြပွဲက ဖမ်းဆီးခံရသူတွေ ပြန်လွတ်

    မန္တလေးမှာ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်ညနေပိုင်းက မြန်မာ့စီးပွားရေးဘဏ်အနီး ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်လူစုခွဲရာကနေ ဖမ်းဆီးခံရသူတွေကို ဒီနေ့မနက်ပိုင်းမှာ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ မနေ့ဆန္ဒပြပွဲဟာ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်းနဲ့ ၈၂ အနီး မြန်မာ့စီးပွားရေးဘဏ်အနီးမှာ ဝန်ထမ်းတွေ ရုံးမတက်ရေး Civil Disobedience Movement မှာ ပါဝင်ဖို့ဆိုပြီး ပြည်သူတွေက လာရောက်ဆန္ဒဖော်ထုတ်နေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို ဆန္ဒဖော်ထုတ်မှုကို ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ပစ်ခတ်၊ နံပါတ်တုတ်တွေ၊ လေးခွတွေနဲ့ ပစ်ခတ်ရိုက်နှက်လူစုခွဲခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲကနေ ဆန္ဒပြသူ ၂၀ ဦးကိုဖမ်းဆီးခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။ မန္တလေးဆန္ဒပြပွဲမှာတော့ ရဲတွေဟာ အဆောက်အအုံတစ်ခုထဲက ဆွဲထုတ်ခံရတဲ့ အမျိုးသမီးတွေအပါအဝင် လူတချို့ကို ရိုက်နှက်ခေါ်ဆောင်သွားတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

  9. မော်လမြိုင်က ထွက်မယ့်ရထားကို ပြည်သူတွေ လမ်းပိတ် ဆန္ဒပြ၊ ရထားဆက်မထွက်တော့ဘဲ ဘူတာကိုပြန်ဝင်

    မော်လမြိုင်ကနေ ရန်ကုန်ကို ဒီအင်္ဂါမနက်မှာ ထွက်ခွာလာမယ့် ရထားကို ပြည်သူတွေက လမ်းပိတ်ပြီး ဆန္ဒပြခဲ့ကြတာကြောင့် ယခုအခါ ရထားမှာ ဘူတာအတွင်း ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။

    ဝန်ထမ်းတွေကို အာဏာပိုင်တွေက ညတည်းက ဖိအားပေးပြီး ရထားကိုအတင်းထွက်ခိုင်းနေတယ်လို့ သတင်းပေးပို့လာတာကြောင့်ဒီမနက်မှာ ပြည်သူတွေက သွားရောက်ဝန်းရံပြီး ရထားထွက်မရအောင် ပိတ်ဆို့ဆန္ဒပြခဲ့တာဖြစ်တယ်လို့ အဲဒီဆန္ဒပြပွဲမှာ ဝန်းရံသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ရထားကို ဘယ်သူမောင်းလာတယ်ဆိုတာကိုတော့ မသိရသလို ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ လောက် လုံခြုံရေးယူထားတာကိုလည်းတွေ့ရတယ်လို့ သူကူဆိုပါတယ်။ အဲဒီလို ပိတ်ဆို့ထားတာကြောင့်ရထားဟာ နောက်ဆုံးမနက် ၁၁ နာရီခန့်မှာ ဘူတာကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

    စစ်အစိုးရရဲ့ ယန္တရားတွေ ရပ်ဆိုင်းသွားဖို့ဆိုပြီး ရုံးမတက်အာခံတဲ့ဖီဆန်မှုကို လှုပ်ရှားနေတဲ့ ရန်ကုန်ကမြန်မာ့မီးရထားဝန်ထမ်းတွေ CDM လုပ်နေတာကြောင့် ရန်ကုန်ကနေ ရထားတွေ ထွက်ခွာခြင်းမရှိတော့သလို မီးရထားဝင်းထဲက CDM လုပ်သူဝန်ထမ်းတွေကိုအာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးစားတာကြောင့် ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်တားဆီးခဲ့ကြတာလည်း ရှိထားပါတယ်။

    CDM
    CDM
  10. CDM သမားတွေအတွက် တပိုင်တစ်နိုင် အလှူအတန်း

    ရုံးမတက်ရေး ဝန်ထမ်းတွေရဲ့ အာခံဖီဆန်မှု Civil Disobedience Movement CDM မှာ ပါဝင်နေတဲသူတွေအတွက် ရန်ကုန်မြို့၊ ပုစွန်တောင်ဈေးထဲက ကုန်စိမ်းနဲ့ သစ်သီးသည်တချို့ရဲ့ တပိုင်တနိုင်အလှူအတန်းလေးကို တွေ့ရတာဖြစ်ပါတယ်။ခုဆို စစ်အာဏာသိမ်းထားတာ ၁၆ ရက်မြောက်ရှိလာပြီဖြစ်သလို မြန်မာနိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုတွေလည်း အင်အားကောင်းလာတာကြောင့် ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးတာတွေရှိနေပါတယ်။

    CDM
    CDM
  11. လွတ်လပ် ဘက်မလိုက်တဲ့သတင်းများ ထုတ်လွှင့်ဖို့ မဇ္ဈိမ မီဒီယာတိုက်တွန်း

    စစ်အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်တည်းက ရုပ်သံထုတ်လွှင့်မှုဖြတ်တောက်ခံထားရတဲ့မဇ္ဈိမမီဒီယာက လွတ်လပ်ပြီး ဘက်မလိုက်တဲ့သတင်းတွေ ထုတ်လွှင့်ဖို့ ပြည်တွင်း ရုပ်သံနဲ့ FM ရေဒီယိုလိုင်းတွေကို တိုက်တွန်းလိုက်ပါတယ်။

    လက်ရှိမှာ ပြည်သူရွေးကောက်တင်မြှောက်ခဲ့တဲ့ NLD ပါတီခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးသမားတွေနဲ့ တက်သိပညာရှင် စုစုပေါင်း ၄၀၀ လောက် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ပြည်သူတွေရဲ့ သတင်းအချက်အလက်ရရှိမှုကို နည်းမျိုးစုံနဲ့ ပိတ်ပင်တားဆီးနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို ချိုးဖောက်ပြီး မဇ္ဈိမချန်နယ်နဲ့ ဒီဗီဘီ ချန်နယ်တို့ ထုတ်လွှင့်မှုကို ဖြတ်တောက်ထားတာ ဒီနေ့အထိ ဖြစ်ပြီး လက်ရှိအချိန်မှာ ဆက်လက် ထုတ်လွှင့်ခွင့် ရနေတဲ့ မီဒီယာတွေဆိုပြီး MRTV4, Channel 7, Sky Net, Five plus, Fourtune,KMA, My Multi Media ,မန္တလေးအက်ဖ်အမ်၊ ပဉ္စဝတီ၊ ပုဂံ၊ ပတ္တမြား၊ ချယ်ရီ၊ ရွှေ လို့ ဖော်ပြထားပါတယ်။

    ဒါကြောင့် ဆက်လက်ထုတ်လွှင့်ခွင့်ရနေတဲ့ ရုပ်သံချန်နယ်တွေ၊ ရေဒီယိုတွေအနေနဲ့ ပြည်သူတွေ အချိန်နဲ့တပြေးညီ မှန်မှန်ကန်ကန် သတင်းသိရဖို့၊ လွတ်လပ် ဘက်မလိုက်တဲ့ သတင်းတွေ ဖော်ပြထုတ်လွှင့်ပေးဖို့ ဆိုပြီး မဇ္ဈိမမီဒီယာက ဒီနေ့ဖေဖော်ဝါရီ ၁၆ ရက်စွဲနဲ့ မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။

  12. စစ်ခေါင်းဆောင်တွေပြောစကား ဘယ်သူမှ မယုံဘူး

    Video content

    Video caption: အထက်ကနေ အောက်အထိ အားလုံးမှာ တာ၀န်ရှိတယ် တွမ်အင်ဒရူးစ် ကုလအထူးကိုယ်စားလှယ်

    မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ကို နှစ်ညဆက် ဖြတ်တောက်ခဲ့ပါတယ်။

    စစ်အုပ်ချုပ်ရေးကို အံတုကြတဲ့ ဆန္ဒပြပြည်သူတွေကို နေပြည်တော်မှာ အစုလိုက် ဖမ်းတာ၊ မန္တလေးမှာ ပစ်ခတ်ပြီး အင်အားသုံး ဖြိုခွဲတာတွေ လုပ်ခဲ့ကြသလို၊ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီရုံးချုပ်ကို လုံခြုံရေး တပ်ဖွဲ့တွေ လာ၀ိုင်းပြီး ရုံးထဲ ၀င်တာမျိုးတွေ ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် အာဏာဖီဆန်နေတဲ့ လူထု လှုပ်ရှားမှုတွေကတော့ တန့်မသွားပဲ မြန်မာပြည်တလွှားမှာ ဆက်လက် ပေါ်ပေါက် နေပါတယ်။

    - ခရစ္စတိုဖာဂန်းနက် ပြောတဲ့ ၁၉၈၈ နဲ့ ၂၀၂၁ အာဏာသိမ်းပွဲများ

    - တပ်မတော်နဲ့ အာဏာသိမ်းဋီကာ၊ ဒဂုံရိပ်သာမှ နေပြည်တော်သို့

    ဒီအချိန်မှာပဲ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာပြီး အစီရင်ခံစာ တင်သွင်းရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က စစ်အာဏာသိမ်းမှုမှာရော၊ ဆန္ဒပြမှုတွေကို ဖိနှိပ်မှုတွေမှာပါ ခိုင်းလို့ လုပ်ရပါတယ် ဆိုပြီး ဘယ် စစ်မှုထမ်းမှ အကြောင်းပြ ရှောင်လွှဲလို့ မရဘူး။ အထက်ကနေ အောက်အထိ အားလုံးမှာ တာ၀န်ရှိတယ် ဆိုပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့တကွ မြန်မာစစ်တပ်ကို သတိပေးပါတယ်။

  13. NLD ရုံးချုပ်ရှေ့ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဖေဖေါ်၀ါရီ ၁၅ ရက်၊ တနင်္လာနေ့။

    Video content

    Video caption: NLD ရုံးချုပ်ကို လုံခြုံရေးရာချီ လာ၀ိုင်းပြီး ရုံးထဲ၀င်ဖို့ ကြိုးစား

    ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရုံးချုပ် ၊ ရန်ကုန် ရွှေဂုံတိုင်မှာ ရှိတဲ့ အဆောက်အဦကို

    ဖေဖေါ်၀ါရီ ၁၅ ရက်နေ့မှာ၊ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ရာနဲ့ချီ လာရောက် ၀ိုင်းခဲ့ကြပြီး၊ ရုံးထဲကို ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။

    NLD ရဲ့ ဗဟိုကော်မတီ၀င် ထိပ်တန်း ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါက်တာဒေါ်မေ၀င်းမြင့်နဲ့ ဦးအောင်ကြည်ညွန့် တို့ကို ဖမ်း၀ရမ်း ထုတ်ထားတဲ့ အတွက် သူတို့ကို လာရှာတာ ဆိုပြီး အကြောင်းပြ ပါတယ်။

    - ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတို့ ရှေ့နေနဲ့ တွေ့ခွင့်မရသေး

    - အာဏာသိမ်းတာ ဥပဒေနဲ့ညီသလား

    NLD ရုံးချုပ် အ၀ိုင်းခံရတယ် ကြားတဲ့အခါ ပြည်သူတွေ ထောင်ချီစု၀ေးလာပြီး၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ၊ အဖမ်းဆီးခံ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး ကြွေးကြော်သံတွေ အော်ဟစ်ကြရင်းသား NLD ပါတီကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

    NLD ရုံးချုပ်ထဲမှာရှိနေကြတဲ့ ပါတီ၀င်တွေက ရောက်လာတဲ့ လုံခြုံရေး တပ်ဖွဲ့ အရာရှိတွေနဲ့ ညှိနှိုင်းပြီး ရုံးထဲကို ၇ ယောက် ပေး၀င်ကာ ရှာခွင့်ပြုခဲ့ပါတယ်။

    အဲဒီသူတွေဟာ ရုံး အဆောက်အဦ ၅ ထပ်ကို နာရီ၀က်ကျော် အချိန်ယူပြီး ပိုက်စိတ်တိုက် ရှာကြတယ်လို့ ရုံးထဲမှာ ရှိနေခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့၀င်အရာရှိတွေနဲ့ ရင်ဆိုင် ဖြေရှင်းခဲ့ရသူ တစ်ဦးဖြစ်တဲ့ ရခိုင်ပြည်နယ် NLD ပါတီ ဒုဥက္ကဌဦးစိုးလေးက ပြောပါတယ်။

    ပါတီရုံးချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ညဘက်ပိုင်း တံခါးတွေချိုးဖျက် ၀င်ရောက် ရှာဖွေတာတွေ ပြုလုပ်ခဲ့ပြီး ဘဏ်စာအုပ်တွေ၊ ငွေစာရင်း အစရှိတာတွေ ယူသွားကြလို့ ပါတီဘက်က အမှုဖွင့်ထားတာ ရှိပါတယ်။

    ဖေဖေါ်၀ါရီ ၁၅ ရက် ၊ စစ်နဲ့ ရဲ အင်အား ရဲဂဏန်း ၀န်းကျင် သုံးပြီး လာ၀ိုင်းကြတဲ့ ဖြစ်စဥ် အကြောင်း ဦးစိုးလေး ဘီဘီစီကို ပြောထားတာကို နားဆင်နိုင်ပါပြီ။

    NLD
    Image caption: စစ်ကား ရဲကား ၁၀ စီး ၀န်းကျင်လောက် ရောက်လာပြီး NLD ရုံးကို ၀ိုင်း
    NLD
    Image caption: ဖမ်း၀ရမ်းထုတ်ထားတဲ့ NLD ဗဟိုကော်မတီ၀င် ၂ ယောက်ကို လာရှာတာလို့ အကြောင်းပြ
    NLD
    Image caption: ပြည်သူတွေ ထောင်နဲ့ချီ စု၀ေးပြီး NLD ကို ထောက်ခံကြောင်းပြ
  14. နေပြည်တော်မှာလူ ၆၀ကျော်နဲ့ မန္တလေးမှာ ၂၉ ဦးဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်

    မန္တလေး ဘဏ် ၁ ရှေ့မှာ လူ ၂၀ ကျော်ဖမ်း
    Image caption: မန္တလေး ဘဏ် ၁ ရှေ့မှာ လူ ၂၀ ကျော်ဖမ်း

    နေပြည်တော်မှာ အစိုးရဝန်ထမ်းအချို့အပါအဝင် လူ၆၀ ကျော်နဲ့ မန္တလေး ဘဏ် ၁ ရှေ့က လူ ၂၀ အပါအဝင် စုစုပေါင်း ၂၉ ဦးကို ဆူပူဆန္ဒပြမှုများနဲ့ ဆက်စပ်ပြီး ဖမ်းဆီးအရေးယူထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    အဲ့ဒီအထဲမှာ နေပြည်တော် ၂၇ ဦးကိုတော့ စစ်ဆေးမှုတွေပြုလုပ်ပြီးပြန်လွှတ်ပေးခဲတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

    အခုဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ နေရာတွေမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားတဲ့မြို့နယ်တွေဖြစ်ပြီး အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူတွေကို လုပ်ထုံး လုပ်နည်းတွေနဲ့အအညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    မြန်မာ စစ်အာဏာသိမ်းအစိုးရ ဘာဆက်လုပ်နိုင်သလဲ

  15. အင်တာနက်တွေ အခုည မှာထပ်ပြီး ပြတ်ဖို့ရှိ

    No tag

    အင်တာနက်တွေ အခုည ဖေဖော်ဝါရီလ ၁၆ ရက်မနက်ပိုင်းမှာ ထပ်ပြီး ပြတ်တောက် ဖို့ရှိတယ်လို့ အကြောင်းကြားလာမှုကိုလက်ခံရခဲ့တယ်လို့ အင်တာနက်ကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုက ဘီဘီစီကို အတည်ပြုပါတယ်။

    ဘာကြောင့်ထပ်ဖြတ်တယ်ဆိုတာကို သူက တိတိကျကျ မပြောပေမဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁ နာရီကနေ ၉ နာရီ အထိဖြတ်မှာလို့ အကြောင်းကြားတာကို လက်ခံရရှိကြောင်းလည်းပြောပါတယ်။

    အခုလို အင်တာနက် ပိတ်ပင်မှုဟာ ဝန်ထမ်းများ အာဏာဖီဆန်ရေး လှုပ်ရှားမှု မအောင်မြင်အောင် ဖမ်းဆီးမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေက ပြောပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ဖုန်းကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတချို့ဆီကနေ အသုံးပြုသူတချို့ကိုပို့တဲ့ သတိပေး SMS တွေ ရရှိတာမရှိသေးသလို ဖေဖော်ဝါရီလ ၁၄ ရက်ညက လို ထုတ်ပြန်ပြောဆိုတာလည်းမတွေ့ရသေးပါဘူး။

  16. ရခိုင်မှာ မိုင်းတွေ စရှင်း

    no tag
    Image caption: တိုက်ပွဲတွေဖြစ်စဉ်က လူစီးကားတွေ မိုင်းထိတာတွေရှိခဲ့
    No tag

    ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက စတင်ပြီး မိုင်းရှင်းလင်းရေးတွေဆောင်ရွက်နေပြီလို့ ဗိုလ်မှူးကြီးမင်းသန်းက အတည်ပြု ပြောဆိုပါတယ်။

    အဲဒီ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်တွေကို တပ်မတော်ဘက်က ပြုလုပ်နေတာဖြစ်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့ကနေ မြို့တော်စစ်တွေထိ အဝေးပြေးလမ်းမ တစ်လျှောက်နဲ့ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းကနေ နယ်စပ်မြို့ မောင်တောအထိ အဝေးပြေးလမ်းမတစ်လျှောက်မှာ ရှင်းလင်းနေတာပါ။

    မိုင်းရှင်းလင်းရေး လုပ်ဆောင်မှုမှာ မိုင်းတွေ့ရှိမှုအခြေအနေနဲ့ ရှင်းလင်းရမယ့် မိုင်းအမျိုးအစားတွေအပေါ် မူတည်ပြီးမှ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဘယ်နှစ်ရက်ကြာမယ် ဆိုတာကိုတော့ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

    ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် သူတို့ နေထိုင်ခဲ့တဲ့ မူလကျေးရွာတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေက ကျေးရွာတွေနဲ့ ဒေသခံတွေမှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ တောတောင်တွေကို လည်း အဓိကရှင်းလင်းပေးဖို့ လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

    အခုလို မြေမြှုပ်မိုင်းနဲ့ ကြွင်းကျန် စစ်လက်နက်ပစ္စည်းတွေကိုရှင်းလင်းပြီးမှသာ နေရပ်စွန့်ခွာနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အသက်အန္တရာယ် လုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ကြမှာလည်းဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ ၂၀၂၀ နိုဝင်ဘာလ ပထမပတ်အထိ ဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေ အတွင်း နှစ်ဖက်တပ်တွေထောင်ထားခဲ့တဲ့ မိုင်းတွေကို အခုအာဏာသိမ်းပြီး ရခိုင်မြောက်ပိုင်းမှာ ပထမဆုံးအကြိမ် တပ်မတော်ဘက်က ရှင်းလင်းမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

    တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား လက်ရှိမှာ ယာယီအပစ်ခတ်ရပ်စဲ ထားပြီး နှစ်ဖက်ညှိနှိုင်းမှုတွေပြုလုပ်လျက်ရှိကာ အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်ချုပ်ဆိုနိုင်ခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။

  17. အာဏာသိမ်း စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲကို သတင်းထောက်တချို့ တက်မှာ မဟုတ်

    Link

    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ပထမဆုံးသတင်းစာရှင်းလင်းပွဲ ကျင်းပမှာလည်း ဖြစ်ပါတယ်။

    သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပပြုလုပ်မယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

    ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် အရင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ ဒုတိယခေါင်းဆောင်အဖြစ် ဦးသက်ဆွေ က တာဝန်ယူထားပါတယ်။

    စစ်အာဏာသိမ်းကောင်စီကို အသိအမှတ်မပြုတဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲကို သတင်းထောက်တွေ မတက်ကြဖို့ လှုမှုကွန်ရက်မှာ တောင်းဆိုမှုတွေ ရှိနေပါတယ်။

    ဒီသတင်းစာ ရှင်းလင်းပွဲကို တက်သင့် မတက်သင့် သတင်းထောက်တွေအကြား ပြောဆိုဆွေးနွေးမှုတွေ ရှိနေပြီး နေပြည်တော်က သတင်းထောက်အချို့ တက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

    ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် တချို့ကတော့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ ဖိတ်စာရထားပေမယ့် တက်ရောက်မှာ မဟုတ်ဘူးလို့ ဘီဘီစီကိုပြောပါတယ်။

    လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်လာနိုင်တဲ့ စစ်ကောင်စီရဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေ

    no tag
  18. နေပြည်တော်က ကျောင်းသားအချို့ ပြန်လွတ်လာ

    no tag

    ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နေပြည်တော်မှာ ဆန္ဒပြတဲ့ ကျောင်းသား ၄၀ ခန့်ကို ရဲတပ်ဖွဲ့က မနက်ပိုင်းက ဖမ်းဆီးခဲ့ပေမဲ့ ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေက ပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့အတွက် ညနေ ၅ နာရီကျော်မှာ လက်ရှိ ကျောင်းတက်နေတဲ့ ကျောင်းသားတွေကို နေပြည်တော်အချုပ်ထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။

    ဒါပေမဲ့လည်း ကျောင်းသားဟောင်း ၇ ယောက်ခန့်ကိုတော့ ဆက်လက် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

    မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်ရာမှာ ကျည်အစစ်သုံးခဲ့သလား

  19. NLD ရန်ကုန်ရုံးချုပ်ကို ဝိုင်းထားသူတွေ တပ်ပြန်ရုပ်

    no tag
    No tag

    ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ရန်ကုန်တိုင်းရုံးချုပ်ကို တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက လမ်းကိုပိတ်ပြီးဝိုင်းထားခဲ့ပြီးတော့ အခုအခါမှာ ပြန်လည်ထွက်ခွာသွားပြီလို့သိရပါတယ်။

    အဲ့ဒီရုံးထဲမှာ ရုံးက NLDပါတီဝင် ၁၅ ယောက် ပိတ်မိနေခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့ကို အရင်ဆုံးလွှတ်ပေးခဲ့ပါတယ်။

    ရွှေဂုံတိုင်က NLD ရန်ကုန်တိုင်းရုံးချုပ်ကို ရဲနဲ့ တပ်က ဝိုင်းထားချိန်မှာ လူအုပ်ကလည်: တဖြေးဖြေးများလာပြီးနောက်မှ လုံခြုံရေ:တပ်တွေ ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။

    ၁၉၈၈ နဲ့မတူတော့တာက ဒစ်ဂျစ်တယ်မျိုးဆက်ရဲ့ တိုက်ပွဲဖြစ်လာတာပါ

    မြန်မာပြည်မှာ သိမ်းသည်၊ တပ်မတော်၊ ဒီမိုကရေစီနဲ့ နိုင်ငံရေးသံသရာ

  20. မန္တလေးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်း

    No tag
    no tag

    မန္တလေးမြို့ ၈၂ လမ်း ၂၆ လမ်းနဲ့ ၂၇ လမ်းကြား မြန်မာ့စီးပွား‌ရေးဘဏ်အနီး ဆန္ဒပြသူတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးမှုတွေရှိခဲ့တယ် တယ်လို့ သတင်းရရှိပါတယ်။

    ရဲတပ်ဖွဲ့က သေနတ်တွေ လေထဲကို စတင်ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းမှာ တပ်ကားတွေက နောက်ကနေ ရောက်ရှိနေရာယူလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဒဏ်ရာရသူ နဲ့ ဖမ်းဆီးခံရသူအရေအတွက် အတိအကျ မသိရသေးကြောင်းနဲ့ ရဲတပ်ဖွဲ့က ရိုက်နှက်ပြီး ဖမ်းဆီးသွားသူတွေ ရှိကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

စာမျက်နှာ 1 ရဲ့ 3