တရုတ်ဖိအားကြောင့် ရှမ်းမြောက်တိုက်ပွဲ အရှိန်ကျမလား

မစ္စတာ ဆွန်းတော့နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, CHINESE EMBASSY IN MYANMAR

ဓာတ်ပုံ ပုံစာ, မစ္စတာ ဆွန်းတော့နဲ့ ဒေါ်အောင်ဆန်းစုကြည်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကို တရုတ်က ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော့ရှန်က သြဂုတ် ၂ဝ ရက်နေ့က "ဝ" ပြည် သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ (FPNCC)ကို ခေါ်ယူတွေ့ဆုံ ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ရက္ခိုင့် တပ်မတော် (AA)က ပြောခွင့်ရ ခိုင်သုခက ဒီတွေ့ဆုံမှုကို အတည်ပြုပေမယ့် အသေးစိတ် ဆွေးနွေးမှု ကိုတော့ ထုတ်မပြောနိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်ဘက်က လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ကို သဘောမကျဘဲ ရပ်တန့်ဖို့ ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရှမ်းပြည်နယ် နောင်ချိုမြို့နဲ့ မန္တလေးတိုင်းဒေသကြီးထဲက ပြင်ဦးလွင်မြို့တွေမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ အေအေ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA)နဲ့ တအောင်း ပလောင် (TNLA) တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ ပါတယ်။

ဒီနောက် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင် စတဲ့ မြို့အနီးမှာ ဒီတပ်ဖွဲ့တွေနဲ့ တပ်မတော်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေစဉ်မှာပဲ သြဂုတ် ၂၁ ရက်နေ့က တရုတ် မြန်မာ နယ်စပ် တရုတ်ဘက်အခြမ်း ကြယ်ဂေါင်မှာ တရုတ် တပ်မတော်က တင့်ကားတွေ ကင်းလှည့် ခဲ့ပါတယ်။

အရင် တပ်မတော်နဲ့ အမ်အန်ဒီအေအေတို့ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်တုန်းကလည်း တရုတ်ဘက်က နယ်စပ်အနီးမှာ အလားတူ ကင်းလှည့်တာ လုပ်ဆောင်ခဲ့တဲ့ အတွက် ဒါက လုပ်လေ့လုပ်ထရှိတဲ့ အရာတခုလို့ လေ့လာသူ အများစုက သုံးသပ်ပါတယ်။

ဒါပေမဲ့ တရုတ်ဘက်က တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေကို ခေါ်ယူတာကရော ဘယ်လို သဘောဆောင်နေပါသလဲ။

မြန်မာ့ငြိမ်းချမ်းရေးနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍ

လက်ရှိမြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်က အရေးပါတဲ့နေရာကနေ ပါဝင်နေပါတယ်။

၂ဝ၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်က စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း တရုတ်က ပါဝင်ကူညီမှုတွေ ရှိခဲ့ပါတယ်။

တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အများစုက တရုတ်မြန်မာ နယ်စပ်မှာ ရှိနေပြီး ဒီအထဲက တချို့အဖွဲ့တွေကို တရုတ်က ထောက်ပံ့ကူညီမှုတွေရှိနေတယ်ဆိုတဲ့အထိ အထိ သတင်းတွေ ထွက်နေပါတယ်။

ဒါ့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တရုတ်ရဲ့ သြဇာက သက်ရောက်မှုရှိတယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိပါတယ်။

တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ဌာနအကြီးအမှူးချုပ် မစ္စတာ ဆွန်းတော့

ဓာတ်ပုံ ရင်းမြစ်, FRED DUFOUR

ဓာတ်ပုံ ပုံစာ, တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ဌာနအကြီးအမှူးချုပ် မစ္စတာ ဆွန်းတော့

တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကို ရပ်တန့်ပြီး နိုင်ငံရေး အရ စေ့စပ်ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းမှုတွေရှိခဲ့ပြီး ဒေသတွင်းနိုင်ငံတွေက ဝိုင်းဝန်းကူညီဖို့အထိ ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ မြန်မာ အရေး လေ့လာသူတွေက ပြောပါတယ်။

ဒါ့အပြင် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ဌာနအကြီးအမှူးချုပ် ဖြစ်တဲ့ မစ္စတာ ဆွန်းတော့နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ကနေ အာရှရေးရာ အထူး သံတမန် ခေါင်းစဉ်နဲ့ မြန်မာ့အရေး ကိစ္စတွေမှာ ပါဝင်နေတဲ့ မစ္စတာ ဆွန်းကော့ရှန်တို့ကလည်း မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆက်စပ် ပတ်သက်နေသူတွေ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ ကြား ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ ဆွေးနွေးပွဲတွေမှာ တရုတ်က ကြားဝင် စေ့စပ်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် အစိုးရနဲ့တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေဆိုရင် တရုတ်မှာရှိတဲ့ မြို့တွေမှာ ကျင်းပခွင့်ပြုခဲ့တဲ့ သာဓကတွေလည်း ရှိနေပါတယ်။

ဘာကြောင့်တရုတ်က အခုလို ခေါ်ပြီး သတိပေးတာလဲ။

တရုတ်မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်တာကြောင့် ဒီအကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် လက်နက်ကိုင် အဖွဲ့ တွေကို ခေါ်ယူတွေ့ဆုံတာလို့ မြန်မာ့အရေး လေ့လာသူတွေက ပြောပါတယ်။

အဆိုပြုထားတဲ့ တရုတ်-မြန်မာ မီးရထားလမ်း စီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်၊ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံထိ သွယ်တန်းထားတဲ့ ဓာတ်ငွေ့နဲ့ ရေနံပိုက် လိုင်းဖြတ်သွားတဲ့လမ်းကြောင်း တွေမှာ မတည်ငြိမ်မှုတွေ ဖြစ်မှာကို တရုတ်က စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

ဒီနေရာတွေမှာ တရုတ်က တိုက်ပွဲတွေ ဖြစ်မှာကို မလိုလားဘူးလို့ သုံးသပ်သူ တွေလည်း ရှိနေပါတယ်။

တရုတ်ရဲ့ သတိပေးချက်က ဘယ်လောက်ထိရောက်မလဲ။

တရုတ်ဘက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို တွေ့ဆုံခဲ့ပေမယ့်လည်း တိုက်ပွဲ အရှိန် အမြန်ဆုံး လျော့ကျသွားဖို့က မဖြစ်နိုင်သေးဘူးလို့ က မြန်မာပြည် ကွန်မြူနစ် ပါတီ ပြောခွင့်ရ ရဲဘော် ဖိုးသံခေျာင်းက သုံးသပ်ပါတယ်။

"ဘာကြောင့်လဲဆိုရင် တရုတ်က ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အစိုးရ ကတော့ ပြန်တိုက်မှာပဲ၊ အစိုးရတိုက်ရင် ဒီဘက်က ပြန်တိုက်နေရမှာပဲ၊ တဘက် တည်းက တိုက်ပြီး ကျန်တဲ့ တဘက်က ခံနေတာ၊ ဒါတော့ မဖြစ်နိုင်ဘူး၊ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းနိုင်မှ စစ်ဆိုတာ ရပ်လို့ရမှာ၊ ကျွန်တော် ထင်တာကတော့ အစိုးရကလည်း သူတို့ မျက်နှာပျက်ထားတဲ့ဟာတွေကို ပြန်ပြီး တော့ ဂုဏ်သရေဆည်တဲ့ တိုက်ပွဲမျိုးလေးပြန်ဆင်လာနိုင်တယ်လို့ ထင်တယ်၊ အဲဒီလိုဆိုရင် ၃ ဖွဲ့က တိုက်ချင်သည်ဖြစ်စေ မတိုက်နိုင်သည် ဖြစ်စေ တိုက်နေရအုံး မှာပဲ"လို့ သူက ပြောပါတယ်။

china

ဓာတ်ပုံ ရင်းမြစ်, CHINESE EMBASSY IN MYANMAR

ဓာတ်ပုံ ပုံစာ, မစ္စတာ ဆွန်းတော့နဲ့ ဦးခွန်ထွန်းဦးတွေ့ဆုံ

တရုတ်ဘက်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို အခုလို တွေ့ဆုံ ဖိအားပေးခဲ့ပေမယ့် ဒီ ၃ဖွဲ့ထဲက တီအန်အယ်လ်အေ လှုပ်ရှားတဲ့ နယ်မြေက တရုတ်နယ်စပ်နဲ့ အလှမ်းဝေးသလို အရင် ကချင်ပြည်နယ်မှာ စတင်လှုပ်ရှားခဲ့တဲ့ အေအေကလည်း ရခိုင် ပြည်နယ်ဘက်ကို ပြန်လည် အခြေချလှုပ်ရှားနေတာကြောင့် တရုတ်ရဲ့ ဖိအားတွေ ထိရောက်မလားဆိုတာကလည်း မေးစရာ ဖြစ်လာပါတယ်။

ရန်ကုန်အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေးဗစ်မက်သီဆင်က အန်အမ်ဒီ အေအေ အပေါ်မှာ တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုရှိနေပြီး အေအေကို လိုင်ဇာ၊ မိုင်ဂျာယန်ကနေ ထွက်သွားဖို့ အတွက် ဒီအဖွဲ့ကို စတင်အရင်းတည်ပေးခဲ့တဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ကေအိုင်အေကို ဖိအားပေးလို့ရတယ်လို့ ပြောပါတယ်။

"တရုတ်တကယ်လုပ်ဖို့လိုတာက မြောက်ပိုင်းအဖွဲ့တွေကိုပဲ ဖိအားမပေးမနေဘဲ သူတို့ရဲ့ သြဇာကို သုံးပြီး တပ်မတော်နဲ့ အန်အယ်လ်ဒီအစိုးရကိုလည်း ဖိအားပေးဖို့ လိုပါတယ်၊ ဒီလိုဖြစ်ရတဲ့ အကြောင်း တွေထဲက တချက်က သူတို့ကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခွင့်မပေးလို့ ဒါကြောင့် ဒီထက်ကောင်းတဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်း မှုတွေလုပ်ဖို့လိုတယ်ဆိုတာကို ထောက်ပြဖို့ လိုပါ တယ်"လို့လည်း သူက ပြောပါ တယ်။

ဒီလိုအခြေအနေမှာ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာတက်တဲ့သူတွေအတွက် လုံခြုံရေးကို အာမခံ တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။