မူဆယ်၊ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြား ပိတ်မိသူတွေ စားစရာမရှိဖြစ်၊ ပရဟိတအသင်းတွေလည်း ကူခွင့်မရ

ရှမ်းမြောက်မှာလက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် လားရှိုးမြို့ပေါ်ကိုထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်အချို့

ဓာတ်ပုံ ရင်းမြစ်, NMPA

ဓာတ်ပုံ ပုံစာ, ရှမ်းမြောက်မှာလက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် လားရှိုးမြို့ပေါ်ကိုထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်အချို့

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်း-မန်လွယ်-နမ့်ခိုင်တံတား အကြား ပြည်ထောင်စုလမ်းမပေါ်မှာ မော်တော် ယာဉ်အချို့ပိတ်မိနေတာ ၃ရက်နေကျော်ကြာလာပြီဖြစ်ပြီး စားစရာ အခက်အခဲဖြစ်နေတဲ့အတွက် ကူညီ ပေးဖို့ ဒီကနေ့ သြဂုတ် ၂၀ရက်နေ့မနက်ပိုင်းမှာ အကူအညီတောင်းခံလာတယ်လို့ မေတ္တာရှင် လူမှုကူညီ ရေးအသင်း (နမ့်ဖတ်ကာ)မှ တာဝန်ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

'' အသင်းအနေနဲ့လည်း စားစရာတွေကူပေးနိုင်ပေမယ့် အခုက ရွာအပြင် အဝင်အထွက်က လုံးဝမရဘူး ဖြစ်နေတာ။ မနေ့ကဆိုရင် ထမင်းမစားရဘူးလို့ပြောတယ်။ သက်ဆိုင်တဲ့အဖွဲ့တွေက လမ်းပိတ်ပြီး ပေးမသွားတော့ မကူပေးနိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့် အဲဘက်က အနီးနားကရွာတွေကိုတော့ ကူညီပေးဖို့ လှမ်းဆက်သွယ်ထားတယ်'' လို့ အသင်းတာဝန်ခံ တစ်ဦးကပြောပါတယ်။

မူဆယ် - ခိုမုန်းကြားနဲ့ ကွတ်ခိုင် -နမ့်ဖတ်ကာကြား လမ်းပိုင်းကို သြဂုတ် ၁၇ရက်နေ့ကတည်းက အသွား အလာ လုံးဝလုပ်ခွင့်မပြုဘဲ တားမြစ်ထားတာကြောင့် ပိတ်မိနေတဲ့ကားအတော်များများရှိနေပြီး ဆက်သွယ်မရနိုင်တာကြောင့် အရေအတွက် ဘယ်လောက်လောက် ရှိနေတယ်ဆိုတာကို ခန့်မှန်းဖို့ခက် နေတယ် လို့ လည်း သူကပြောပါတယ်။

သြဂုတ် ၁၇ ရက်နေ့က လူနာသွားကယ်ထုတ်ဖို့ အသွား အပစ်ခံရတဲ့ ပရဟိတကား

ဓာတ်ပုံ ရင်းမြစ်, မေတ္တာရှင် လူမှုကူညီရေးအသင်း

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၇ ရက်နေ့က လူနာသွားကယ်ထုတ်ဖို့ အသွား အပစ်ခံရတဲ့ ပရဟိတကား

'' သြဂုတ် ၁၇ရက်နေ့ကတည်းက နမ့်ဖတ်ကာအထွက်နားမှာ ဒဏ်ရာရတဲ့တပ်သားတွေကို တပ်ဘက်က အကူအညီတောင်းလို့ သွားတုန်းက စနိုက်ပါနဲ့လှမ်းပစ်တာခံရတယ်။ အဲနေရာမှာ slow down ဖြစ်နေလို့ ကားသမားကရှပ်ထိရုံပဲ ဖြစ်လို့ ကံကောင်းသွားတာ။ အရင်က မတော်တဆမှန်ရုံကလွဲပြီး အခုလို ပရဟိတ မှန်းသိရက်နဲ့ စနိုက်ပါနဲ့အပစ်ခံရတာတော့ ဒါပထမဆုံးပဲ။ ဒါကြောင့် အသင်းအနေနဲ့လည်း ပိတ်မိနေတဲ့သူ တွေကို မကူနိုင်ဘူးဖြစ်နေတယ်''လို့ မေတ္တာရှင် လူမှုကူညီ ရေးအသင်း (နမ့်ဖတ်ကာ)မှ တာဝန်ခံက ပြောပြ ပါတယ်။

ကွတ်ခိုင်မြို့အနီးကရွာတွေနည်းတူ မူဆယ်မြို့ကနေ ခိုမုန်းရွာအထိသာသွားခွင့်ရှိပြီး ခိုမုန်းဘက် အလွန်ကို တော့ အသွားရော အပြန်ကိုပါ နှစ်ဘက်စလုံးဘက်က သွားလာခွင့်ပိတ်ထားပြီး လမ်းပိုင်းတွေတလျှောက်မှာ ပိတ်မိနေတာ လူ ၃၀၊ ၄၀ စီလောက်တွေရှိတယ်လို့မူဆယ်အခြေစိုက် ကရုကာလူမှုကူညီရေးအသင်း ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဦးသောင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

အလံဖြူထောင်ပြီးသွားတဲ့ ပရဟိတကား သေနတ်နဲ့ အချက်များစွာအပစ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Thaung Tun

ဓာတ်ပုံ ပုံစာ, အလံဖြူထောင်ပြီးသွားတဲ့ ပရဟိတကား သေနတ်နဲ့ အချက်များစွာအပစ်ခံရ

' ' ခိုမုန်းဘက်ကအထွက်မှာ ကုသဖို့ လိုအပ်နေလို့ ဒဏ်ရာရသူတွေဆက်သွယ်လို့ အသင်းကား ၃စီးနဲ့ အလံဖြူထောင်ပြီးစောနကသွားတာ။ သေနတ်နဲ့ လှမ်းပစ်လို့ ပြန်လှည့်လာရတယ်။ ပစ်တာအချက်ရေလည်းများတယ်။ သွားကယ်လို့ မရဘူး''လို့ဦးသောင်းထွန်းက သြဂုတ် ၂၀ ရက်နေ့ နေ့လယ် ၂နာရီ ဝန်းကျင်အချိန်မှာ ပြောပါတယ်။

သြဂုတ် ၁၇ ရက်နေ့ကလည်း လားရှိုးမြို့အထွက် ၁၂ မိုင်အနီးမှာ ပိတ်မိနေတဲ့ဒဏ်ရာရသူတွေကို သွားရောက်ကယ်ထုတ်တဲ့ လားရှိုးလူငယ်လူမှုကူညီရေးအသင်းကားကို စနိုက်ပါနဲ့အပစ်ခံရလို့ အသင်းဥက္ကဋ္ဌတစ်ဦးသေဆုံးပြီး အသင်းသား ၃ဦး ဒဏ်ရာရသွားခဲ့ပါတယ်။