သင်္ကြန်မတိုင်ခင် နေပြည်တော် တွေ့ဆုံပွဲမှာ တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို KNU အဓိကထား ဆွေးနွေးမယ်

NCA၂နှစ်ပြည့် အခမ်းအနားမှာတွေ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကေအဲန်ယူဥက္ကဌ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ,

NCA၂နှစ်ပြည့် အခမ်းအနားမှာတွေ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကေအဲန်ယူဥက္ကဌ

တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးအဖြေရှာဖို့ တပ်မတော်နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကို သင်္ကြန်မတိုင်ခင် နေပြည်တော်မှာ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU) က ပြောပါတယ်။

တွေ့ဆုံပွဲမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် လုပ်ရမယ့်ကိစ္စနဲ့ အောက်ခြေမှာ ဖြစ်နေတဲ့ တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အဓိကထား ဆွေးနွေးမယ်လို့ ကေအန်ယူဘက် က ပြောပါတယ်။

တွေ့ဆုံပွဲမှာ ဦးဆောင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေကို တာဝန်ပေးဖို့ KNU ဘက်က ရွေးချယ်နေပြီး အဲ့ဒီကိုယ်စားလှယ်တွေ ရွေးချယ်ပြီးရင် အစိုးရနဲ့ တပ်မတော် ကိုယ်စားလှယ်တို့ကို ဧပြီလ ၈ ရက်နေ့မှာ အကြောင်းပြန်မယ်လို့ KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

အစိုးရက ဖွဲ့ထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ ဧပြီလ ၁၁ ရက်နေ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ဧပြီလ ၁၂ ရက်နေ့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ကိုယ်စား လှယ်တွေနဲ့ တွေ့ဆုံဖို့ အဆိုပြုထားတယ်လို့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

တွေ့ဆုံပွဲမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို တပ်နေရာချထားရေး ကိစ္စနဲ့ လက်ရှိ KNU တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ တပ်မတော်ကားလမ်း ဖောက်လုပ်ရေးကြောင့် တပ်မတော်နဲ့ KNU အောက်ခြေတပ်ဖွဲ့ဝင်တွေ အကြား ဖြစ်တဲ့ ပြဿနာတွေကို အဓိကထား ဆွေးနွေးမယ်လို့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

၂၀၁၈ ခုနှစ် အတွင်းမှာ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်က KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ တပ်မတော်က နယ်မြေကျော် ကားလမ်းဖောက်လုပ်တဲ့အတွက် KNU တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အနီးအနားရှိ ရွာသားတွေ ၂၀၀၀ ကျော် ထွက်ပြေး ပုန်းရှောင်ခဲ့ဖူးပါတယ်။

အဲဒီကားလမ်းတွေဟာ စစ်ရေးဆိုင်ရာ အထောက်အကူ ဖြစ်နိုင်တဲ့အတွက် လမ်းဖောက်လုပ်ရေးကို တားမြစ်ထားတာ ဖြစ်တယ်လို့ အောက်ခြေ KNU တပ်ဖွဲ့ကပြောပါတယ်။

နေပြည်တော်မှာ လုပ်မယ့် ဆွေးနွေးပွဲနဲ့ ပတ်သတ်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးကို ဘီဘီစီ က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။