စစ်ရှောင်တွေကို ဌာနဆိုင်ရာတွေက ပြည်နယ်အစိုးရ ခွင့်မပြုဘဲ မထောက်ပံ့ဖို့ ညွှန်ကြားချက်အပေါ် လူမှုအဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

စစ်ရှောင်စခန်း

ဓာတ်ပုံ ရင်းမြစ်, Rakhine Ethnics Congress

ဓာတ်ပုံ ပုံစာ, ရခိုင်မြောက်ပိုင်း စစ်ရှောင်စခန်းတစ်ခု

ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက် မရှိဘဲ ဌာနတွင်း ငွေကောက်ခံပြီး ရခိုင်စစ်ရှောင် ပြည်သူတွေကို ထောက်ပံ့တာတွေ မလုပ်ဖို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို ဒေသတွင်း လူမှုကူညီရေး အဖွဲ့တွေက ကန့်ကွက်ရှုတ်ချပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်တွေကို ထောက်ပံ့ရာမှာ မသမာသူတွေရဲ့ လက်ဝယ်ကို မရောက်ရှိစေဖို့ ပြည်နယ် အစိုးရ ခွင့်ပြုချက် မရှိဘဲ ဌာနဆိုင်ရာတွေ အနေနဲ့ မိမိအစီအစဉ်နဲ့ ထောက်ပံ့မှု မလုပ်ဖို့ ပြည်နယ်အစိုးရ အဖွဲ့က ဧပြီ ၄ ရက်စွဲနဲ့ မနေ့က ( ဧပြီ ၅ ရက်) ညွှန်ကြားစာ ပေးပို့တာ ဖြစ်ပါတယ်။

"စစ်ဘေးဒုက္ခသည်တွေရဲ့ ဒုက္ခရင်ဆိုင်နေရတဲ့အပေါ် စာနာထောက်ထား ကူညီသူတွေကို အခုလိုလုပ်တာက တကယ့်အောက်ခြေမှာ ဖြစ်နေတာကို နားမလည်တာ၊ အစိုးရိမ် လွန်တာ၊ အနိုင်ကျင့်တာ၊ လူသားချင်း မစာနာတာပဲ" လို့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (Rakhine Ethnics Congress -REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနတွေက အချိန်နဲ့ တပြေးညီ ထောက်ပံ့တဲ့အပြင် UN/INGO အဖွဲ့တွေနဲ့ ဒေသတွင်း လူမှုရေး အသင်းအဖွဲ့တွေက စနစ်တကျ ထောက်ပံ့နိုင်ဖို့ စိစစ်ခွင့်ပြုနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက် ညွှန်ကြားစာမှာ ပါပါတယ်။

စစ်ရှောင်စခန်းက ကလေးငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Rakhine Ethnics Congress

ဓာတ်ပုံ ပုံစာ, စစ်ရှောင်စခန်းက ကလေးငယ်တွေ

ရခိုင်မှာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လချီ ကြာမြင့်လာပြီ ဖြစ်ပါတယ်။ အရင်က တိုက်ပွဲတွေဟာ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဍားကျွန်းနဲ့ ရသေ့တောင် မြို့နယ်တွေက ကျေးရွာတွေမှာ ဖြစ်ပွားနေပြီး ပြည်နယ်အစိုးရက အဲဒီမြို့နယ် ၅ ခုမှာ ဧပြီ ၂ ရက်က စတင်ပြီး ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းတွေမှာ တိုက်ပွဲ ဖြစ်ပွားတာ ပိုစိပ်လာသလို ဘူးသီးတောင်မြို့နယ်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ဒီကနေ့ (ဧပြီ ၆ ရက်) မှာလည်း ဖြစ်ပွားလို့ ဒေသခံတွေက ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိလာတယ်လို့ လူမှုကူညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (Rakhine Ethnics Congress -REC) က မြေပြင်ကွင်းဆင်း ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေ အရ စစ်ဘေးရှောင် ထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေဟာ ဧပြီ ၃ ရက်အထိ စာရင်းတွေအရ နှစ်သောင်း ရှစ်ထောင်ကျော် ရှိလာပြီး ဒုက္ခသည်စခန်း ၄၆ ခု အထိ ရှိနေပြီလို့ ဆိုပါတယ်။

ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အပေါ် စစ်ရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ စစ်တွေမြို့အခြေစိုက် ဝံလက်ဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက " စစ်ရှောင်တွေကို ကူညီတဲ့ငွေကြေးက တခြားကို ရောက်စရာ အကြောင်းမရှိဘူး။ သူတို့အတွက် လုံလောက်မှုတောင် မရှိဘူး။ အစိုးရကိုယ်တိုင် သူရဲ့ဌာနတွေက ဝန်ထမ်းတွေကို ဒီလိုကန့်သတ်လိုက်တော့ ကူညီချင်တဲ့သူတောင် သူ့အလုပ်ထိခိုက်မလားဆိုပြီး မလှူရဲတော့ဘူး။ အစိုးရ ညွှန်ကြားချက်တွေပဲ ထုတ်တယ်။ ဒုက္ခသည်တွေကို သူတို့ကူညီပေးရမယ့် အပိုင်းကျတော့ အားနည်းနေတယ်" လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်း စစ်ဘေးရှောင် အရေအတွက်နဲ့ စစ်ရှောင်စခန်း အများဆုံး ရှိနေတဲ့ မြို့နယ်တွေဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဍားကျွန်းတို့ ဖြစ်ပြီး ဒုက္ခသည်တွေဟာ စခန်းတွေမှာ ယာယီမိုးကာတဲတွေနဲ့သာ နေကြရလို့ ပူပြင်းတဲ့ အခုလို ရာသီချိန်နဲ့ မိုးဦးကျ ကာလတွေမှာ ကျန်းမာရေး ပြသနာတွေပါ ထပ်မံကြုံလာ နိုင်တယ်လို့ လူမှုကူညီပေးနေသူတွေက ပြောနေပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော