နယ်စပ်ခြံစည်းရိုး ဖျက်ဝင်လာတဲ့ အာဆာအဖွဲ့ဝင်တယောက် ဖမ်းမိတယ်လို့ အစိုးရထုတ်ပြန်

အာဆာ
ဓာတ်ပုံ ပုံစာ, တောတောင်ထူပြီး နယ်မြေကျယ်ပြန့်လို့ လုံခြုံရေးစခန်းတွေနဲ့ ဝေးတဲ့နေရာမှာ နေသူတွေအတွက် စိုးရိမ်ရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ အာဆာအဖွဲ့ဝင် တစ်ဦးနဲ့ မြန်မာနိုင်ငံဘက်ကနေ နွားတွေခိုးယူဖို့ ဝင်လာတဲ့သူတစ်ဦး စုစုပေါင်းနှစ်ဦးကို မြန်မာနယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိခဲ့ပါတယ်။

မြန်မာနိုင်ငံထဲက နွားတွေကို ခိုးယူဖို့ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာသူ ၅ ဦးထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို မတ်လ ၂၉ ရက်နေ့က ဖမ်းမိခဲ့သလို မတ်လ ၃၀ ရက်နေ့က နယ်စပ်မှတ်တိုင် ၄၁ အနီးမှာ အာဆာ အကြမ်းဖက် အဖွဲ့ ဝင် တစ်ဦးကို မြန်မာ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့တယ်လို့ သတင်းနဲ့ ပြန်ကြားရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

အာဆာအဖွဲ့ဝင် ၅၀ လောက်ဟာ အဖွဲ့ ၃ ဖွဲ့ခွဲပြီး ငါးရံ့ချောင်း ရဲကင်းစခန်း အပါအဝင် စခန်းသုံးခုကို တိုက်ခိုက်မယ့် ရည်ရွယ်ချက်နဲ့ ဝင်လာတာဖြစ်ကြောင်း၊ နယ်စပ်မှတ်တိုင် ၄၁ အနီးက နယ်စပ်ခြံစည်းရိုးကို ဖျက်ဆီး ဝင်ရောက်ပြီး နယ်မြေ အခြေအနေ လာစုံစမ်းသူ အာဆာအဖွဲ့ဝင် အိုစမန်ဂေါ်နိ (ခေါ်) အိုစမာကို ဖမ်းမိခဲ့တာ ဖြစ်ကြောင်း ရဲဇာနည် ဖေ့စ်ဘွတ်ခ် သတင်းမှာ ဖော်ပြပါတယ်။

အာဆာ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, နိုဟာအာလီကျေးရွာ၊ ရန်ကာမာတီမြို့နယ်နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရှာဟဲလ်(၃၅)နှစ်

ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် အယောင်ဆောင်နေပြီး မြန်မာဘက်ကို လာရောက် တိုက်ခိုက်မှု လုပ်ချင်တဲ့အခါမှာ စုရပ် တနေရာမှာ လုပ်ပြီး လာတိုက်တာမျိုး ရှိနေတဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့၀င်တွေ အနေနဲ့ နယ်မြေစိုးမိုးရေးနဲ့ နယ်မြေ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။

နယ်မြေ ကျယ်ပြန့်တော့ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ကာမိအောင် မထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောပါတယ်။

တပ်မတော် အပါအဝင် နယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အင်အားတိုးချထားတဲ့ အတွက် တပ်စခန်းနဲ့နီးတဲ့ ဒေသတွေမှာ လုံခြုံရေး အသင့်အတင့်ကောင်းမွန်နေပေမယ့် တစ်ခြားနေရာတွေအတွက် စိုးရိမ်နေပါတယ်လို့ သူက ပြောပါတယ်။

နယ်မြေ အနေအထားအရ အရှေ့နဲ့ အနောက် ဆိုရင် ရှစ်မိုင် သို့မဟုတ် ကိုးမိုင်လောက် ရှိတဲ့ ထူထပ်တဲ့ တောအုပ် ရှိသလို တောင်နဲ့ မြောက် ဆိုရင်လည်း မိုင် ၃၀ လောက် တောတောင် ထူထပ်တဲ့ အတွက် တိုက်ခိုက်မှု ကျူးလွန်ချင်သူတွေက ဒီတောတောင်တွေကို မှီပြီး ခဏခဏ လာရောက် တိုက်ခိုက် နှောက်ယှက် ပေးနေတာ ဖြစ်တယ်လို့ နယ်မြေအနေအထားကို ဦးလှထွန်းကျော်က ရှင်းပြပါတယ်။

အာဆာ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ARSA အဖွဲ့၀င် လို့ ယူဆပြီး အဖမ်းခံထားရတဲ့ အိုစမန်ဂေါ်နီ (ခ)အိုစမာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခု ဖမ်းဆီးရမိသူ နှစ်ယောက်အနက် အိုစမန်ဂေါ်နီ (ခ)အိုစမာ ဆိုသူဟာ တောင်ဘဇာကျေးရွာအုပ်စု၊ ယင်းမကျောင်းတောင်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်နေသူဖြစ်ကြောင်း၊သူဟာ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှာ တောင်ဘဇာ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တုန်းက ပါဝင်ခဲ့တာကြောင့် တောင်ဘဇာနယ်မြေရဲစခန်းမှာ (ပ) ၅၁/၂၀၁၇၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)နဲ့အမှုဖွင့်ထားတဲ့အမှုက တရားခံပြေး ၁ ဦး အဖြစ် စစ်ဆေး တွေ့ရှိတယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူဟာ တောင်ဘဇာနယ်မြေရဲစခန်းကို အခြားသူတွေနဲ့အတူ ဝိုင်းဝန်း တိုက်ခိုက်ပြီးနောက် တစ်ဖက်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းသို့ သွားရောက်နေထိုင် တိမ်းရှောင်ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်းတက်ဖို့ စည်းရုံးခံရမှုကြောင့် ARSA အဖွဲ့ကို ဝင်ရောက်ကာ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ အကြမ်းဖက်သင်တန်းနှစ်လခန့် တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အကြမ်းဖက် သင်တန်းကို ကူတူပါလောင်ဒုက္ခသည်စခန်း၊ ဘာလူခါလီဒုက္ခသည်စခန်း၊ မူတူးဆရမ်ဒုက္ခသည် စခန်းတွေရဲ့ အနီးဝန်းကျင် တောထဲနဲ့ ယာယီတဲအိမ်အလွတ်တွေမှာ ည ၁ဝနာရီ ကနေ မနက် ၁နာရီ အထိARSA အဖွဲ့က စည်းရုံးထားတဲ့ သင်တန်းသား ၅၀ ဦးစီနဲ့ တစ်ပြိုင်တည်းဖွင့်လှစ် ခဲ့ကြောင်း၊ သင်တန်းကာလအတွင်း တလမှာ တာကာငွေ ၅၀၀၀ ထောက်ပံ့ရရှိကြောင်း၊ အခု အချိန်မှာ သင်တန်းတက်ရောက်ပြီးသူတွေဟာ နယ်စပ်ဒေသရဲကင်းစခန်းတွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို မပြတ်ထောက်လှမ်းပြီး ချောင်းမြောင်းတိုက်ခိုက်ဖို့ အစီအစဉ်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ မောင်တောမြို့နယ်၊ ဝက်ကျိန်းကျေးရွာ တံတားနားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ယာဉ်ကို ARSA အဖွဲ့က ပစ်ခတ် တိုက်ခိုက်မှုမှာ မောင်တောမြို့နယ်၊ သက္ကယ်ပြင်ရွာသား ဇူပိုင်(စိစစ်ဆဲ)ဦးဆောင်တဲ့(၁၂)ဦး အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီလို့ ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လာသူတွေကို ARSA အဖွဲ့ ခေါင်းဆောင်တွေက တဦးလျင် တာကာငွေ ၅၀၀၀ စီဆုကြေးပေးကြောင်း အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။