ရခိုင်ပြည်နယ်တိုက်ပွဲတွေကြား သေဆုံးသူနဲ့ ပျောက်ဆုံးသူများလာ

ရခိုင်ပြည်နယ်ထဲက စစ်ဘေးသင့်ကလေးငယ်တချို့
ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်ထဲက စစ်ဘေးသင့်ကလေးငယ်တချို့

ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသအတွင်း နယ်လှည့်စီးပွားရှာသူတွေ ၊ သစ်ခုတ်ဝါးခုတ် ရောင်းချသူတွေနဲ့ ဒေသခံ ၉ ဦးဟာ အခုရက်ပိုင်းအတွင်း ပျောက်ဆုံးခဲ့ပါတယ်။

ဒီဖေဖော်ဝါရီလမှာ ဒေသအခေါ် အထုပ်သည်လို့ ခေါ်တဲ့ နယ်လှည့်ဈေးရောင်းသူတဦးဟာ လပေးစနစ်နဲ့ ရောင်းချပေးနေတဲ့ ဖောက်သည်တွေရှိရာကို ပစ္စည်း သွားပို့ရာကနေ ပျောက်ဆုံးသွားခဲ့သလို အဲဒီပျောက်ဆုံးသူကို လိုက်လံ ရှာဖွေနေတဲ့ နှစ်ယောက်ပါ ထပ်ပျောက်သွားတယ်လို့ ပျောက်ဆုံးသွားသူရဲ့ အကိုဖြစ်သူ ကိုမျိုးထိုက်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုဆိုရင် ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့မှာ ပျောက်သွားသူ ကိုမျိုးထိုက်ဝင်း၊ ဦးစိုးနိုင်နဲ့ ကိုရာဇာထွန်းတို့ သုံးယောက်နဲ့ ပတ်သက်လို့ ရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် သတင်း အစအန မရသလို တိုက်ပွဲဒေသတွေဖြစ်လို့ သူတို့အနေနဲ့ရှာရခက်နေတယ်လို့ ဆိုပါတယ်။

အခုလို စီးပွားလုပ်နေသူအများစုဟာ မြန်မာ အများစုဖြစ်ပြီး ဘာသာစကားကွဲပြားမှု ကြောင့်စွပ်စွဲခံရပြီး အဖမ်းခံရတာလည်းဖြစ်နိုင်တယ်လို့ ပျောက်ဆုံးသူတွေရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ယူဆနေကြပါတယ်။

ဒီလိုပျောက်ဆုံးမှုတွေအတွက် ဘယ်အဖွဲ့အစည်းက ဖမ်းတယ်ဆိုတာနဲ့ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကို မသိရတဲ့အပြင် အသက်ရှင်ရက်ရှိ မရှိဆိုတာပါ မသိသေးတဲ့အတွက် ပျောက်ဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ စိတ်ပူပန်မှုတွေနဲ့ပဲ ရင်ဆိုင်နေရပါတယ်။

အခုလို နယ်လှည့်ဈေးရောင်းသူတွေ တင်မဟုတ်ပဲ ထင်းအရောင်းအဝယ်လုပ်သူနှစ်ဦး၊ကိုင်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ၊ ထင်းခုတ်ဝါးခုတ် သူတဦးနဲ့ ထင်းသွားဝယ်ရင်း ပျောက်ဆုံးသူ ၂ ဦး စုစုပေါင်း ခြောက်ဦး လည်းပျောက်ဆုံးနေတယ်လို့ ANP ပါတီက မြောက်ဦးမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က ဘီဘီစီကို ပြောပါတယ်။

အရင်တုန်းက ဒီလို အဖြစ်မျိုးတွေမရှိပေမယ့် အခုချိန်မှာတော့ တိုက်ပွဲတွေကြားထဲ ဒီလိုပျောက်ဆုံးမှုတွေ ရှိလာတာ ဖြစ်တယ်လို့ ဦးထွန်းသာစိန်က ဆိုပါတယ်။

အခုတိုက်ပွဲတွေ ဖြစ်ပွားနေရတဲ့ ဒေသတွေက ကျေးရွာသားတွေဟာ တောတောင်တွေကို တက်ပြီး ဝါးခုတ် သစ်ခုတ် အသက်မွေးနေကြသူတွေ အများစု ဖြစ်တာကြောင့် နေ့စဉ်ရက်ဆက် အခုလို တိုက်ပွဲဖြစ်နေတဲ့အတွက် စားဝတ်နေရေးအတွက်လည်း အထူးအခက်အခဲဖြစ်နေပါတယ်။

ဒီရက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သားတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း အရေအတွက် တစ်နေ့တခြားတိုးများလာပါတယ်။

ဒီလ ၂၀ ရက်နေ့က စစ်တပ်ကနေပစ်ခတ်လိုက်တဲ့ ကျည်ဆန်ထိမှန်သွားလို့ သေဆုံးခဲ့ရတဲ့ ရသေ့တောင်မြို့နယ် မင်းဖူးရွာက အသက် ၁၈ နှစ်အရွယ် မရီရီစိုးကို သဂြိုဟ်ရာမှာလည်း ဒေသခံ လူထောင်နဲ့ ချီပြီး အသုဘကို ပို့ဆောင်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, shweman