လွတ်လပ်ရေး မတောင်းဆိုဘူးလို့ UWSA 'ဝ' တပ်ဖွဲ့ ထပ်မံကြေညာ

လွတ်လပ်ရေးမတောင်းဆိုရေး၊ ပြည်ထောင်စုက မခွဲထွက်ရေးနဲ့ ပြည်ထောင်စုရဲ့အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ရေးဆိုတဲ့ 'ဝ' တပ်ဖွဲ့ရဲ့ရပ်တည်ချက်ရှိ

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu/AFP/GETTY

ဓာတ်ပုံ ပုံစာ, လွတ်လပ်ရေးမတောင်းဆိုရေး၊ ပြည်ထောင်စုက မခွဲထွက်ရေးနဲ့ ပြည်ထောင်စုရဲ့အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ရေးဆိုတဲ့ 'ဝ' တပ်ဖွဲ့ရဲ့ရပ်တည်ချက်ရှိ

လွတ်လပ်ရေးမတောင်းဆိုရေး၊ ပြည်ထောင်စုက မခွဲထွက်ရေးနဲ့ ပြည်ထောင်စုရဲ့အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ရေး ဆိုတဲ့ အချက်တွေဟာ 'ဝ' တပ်ဖွဲ့ရဲ့ရပ်တည်ချက်ဖြစ်တယ်လို့ ဇွန်လ ၆ ရက်နေ့မှာ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထပ်မံ ကြေညာလိုက်ပါတယ်။

'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ပန်ဆန်း မှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျင်းပခဲ့တဲ့ 'ဝ'ဒေသ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းနားမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထုံးစံအရ စစ်ရေးပြအခမ်းအနားတွေကို ထည့်သွင်း ကျင်းပခဲ့တာသာ ဖြစ်ပြီး ဒါဟာ အစိုးရစစ်တပ်ကို ယှဉ်ပြိုင်တာ မဟုတ်သလို၊ တပ်မတော်ကို ရန်သူလို သဘောမထားဘူလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

'ဝ' တပ်ဖွဲ့က စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော်အနေနဲ့ ဆောင်ရွက်နေတယ်လို့ အစိုးရတပ်မတော်က မကြာခင်က စွပ်စွဲထားခဲ့

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu/AFP/GETTY

ဓာတ်ပုံ ပုံစာ, 'ဝ' တပ်ဖွဲ့က စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော်အနေနဲ့ ဆောင်ရွက်နေတယ်လို့ အစိုးရတပ်မတော်က မကြာခင်က စွပ်စွဲထားခဲ့

UWSA 'ဝ'တပ်ဖွဲ့ရဲ့ စစ်အင်အားပြမှုတွေ၊ စင်ပြိုင်အစိုးရ၊ စင်ပြိုင် တပ်မတော်ပုံစံ ဆောင်ရွက်နေတာတွေကို တပ်မတော်က ငြိမ်းချမ်းရေးကို ရှေးရှုပြီး အစွမ်းကုန် သည်းခံနေတာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၂ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

'ဝ' တပ်ဖွဲ့ ရဲ့ အခု ထုတ်ပြန်ချက်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးရဲ့ "တပ်မတော်က ငြိမ်းချမ်းရေးလိုချင်လို့ တချို့ဟာလေးတွေမှာ အစွမ်းကုန် သည်းခံနေတာ" ဆိုတဲ့ စကားကို ပြန်လည် တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, လက်နက်အင်အား စစ်တပ်အင်အားအပြည့်အစုံနဲ့ ကျင်းပခဲ့တဲ့ UWSA ရဲ့ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး နေ့ အခမ်းအနား

နေပြည်တော်က သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်တွေမေးမြန်းတဲ့အခါမှာလည်း 'ဝ' တပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်တွေက စင်ပြိုင်သဘောမျိုးဖြစ်နေလို့ မလုပ်သင့်ဘူးလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေကော မထိုးထားတဲ့အဖွဲ့တွေကော စစ်ရေးပြ အခမ်းအနားတွေကို လုပ်နေကြတာတွေ့နေရပေမယ့် တပ်ဘက်က သဘောတူတယ်၊ မတူဘူး ပြောထားတာမျိုးမရှိပေမယ့်၊ ဒီလုပ်ဆောင်ချက်တွေက NCA ပြင်ပလုပ်ဆောင်မှုမျိုးဖြစ်နေတာကြောင့် ပြောသင့်ပြောထိုက်လို့ပြောခဲ့တာလို့ 'ဝ' တပ်ဖွဲ့အပေါ် ဝေဖန်ခဲ့တာအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ဇွန်လ ၆ ရက်က ပြန်လည်ရှင်းပြပြောဆိုပါတယ်။

'ဝ' တပ်ဖွဲ့အနေနဲ့ အရင်လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ်တွေရှိခဲ့လို့ NCA လမ်းကြောင်းကို မလာချင်တဲ့ ဆန္ဒတွေရှိနေတာကို တပ်မတော်က ကြားနေရတာကြောင့် အဲဒီလိုအသိပေးပြောကြားခဲ့တာလို့ သူက ဆိုပါတယ်။

'ဝ' တပ်ဖွဲ့က သူတို့ရဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားကို သူတို့ပိုင်ဆိုင်ထားတဲ့စစ်ရေးလက်နက်အင်အားအပြည့်အစုံ ဖော်ထုတ်ကာ စစ်ရေးပြအခမ်းအနားနဲ့ ဧပြီလ လလယ်ပိုင်းတုန်းက စည်စည်ကားကား ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီ ပွဲကို အစိုးရဘက်က ထိပ်ပိုင်း အရာရှိ တချို့ တက်ရောက်ခဲ့ပေမယ့် တပ်မတော်ဘက်ကတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။