ဆီဆိုင်မြို့နယ်မှာ ကလေးနှစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့မှုနဲ့ ပအိုဝ်းပြည်သူ့စစ်ကို အမှုဖွင့်ထား

ပအိုဝ်း၊ ပြည်သူ့စစ်
ဓာတ်ပုံ ပုံစာ,

လူသားချင်း စာနာထောက်ထားမှုနဲ့ သိန်း၁၆၀ ပေးခဲ့တာလို့ PNO/PNA ပအိုဝ်း ပြည်သူ့စစ်က ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲ ကလေးနှစ်ယောက် သေဆုံးခဲ့တဲ့ သေနတ်ပစ်မှုအတွက် PNO/PNA ပအိုဝ်းပြည်သူ့စစ်ကို လူသတ်မှုနဲ့ ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။

မဲဟဲရွာ ဘုန်းကြီးကျောင်းမှာ မတ်လ ၃၁ ရက်နေ့တုန်းက အဲဒီ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကျူးလွန်သူဆိုပြီး ရဲက ဖမ်းထားသူဟာ ပအိုဝ်းပြည်သူ့စစ် အဖွဲ့ဝင် ခွန်မောင်ပွား ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းက ဘီဘီစီကို အတည်ပြုပါတယ်။

ကိုရင်ဝတ်ဖို့ ဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ အသက် ၉ နှစ် အရွယ်စီ ရှိကြတဲ့ ခွန်ကျော်ဆန်းနဲ့ ခွန်ကျော်လေး မောင်ရှင်လောင်း ကျောင်းသား နှစ်ယောက် သေနတ်ထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပအိုဝ်း၊ ပြည်သူ့စစ်

ဓာတ်ပုံ ရင်းမြစ်, FACEBOOK

ဒီပစ်ခတ်မှု ပေါ်ပေါက်ခဲ့တဲ့နောက် ငွေကျပ် သိန်း ၁၆ဝ ပေး ကျေအေး စာချုပ်တစ်စောင် ချုပ်ဆိုခဲ့တဲ့ ဖြစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ တွေ့ခဲ့ရတဲ့ အဲဒီ ကျေအေးစာချုပ်ထဲမှာ ဒီပစ်ခတ်မှုဟာ မတော်တဆ ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ပြည်သူ့စစ် ဌာနေအဖွဲ့ စစ်ကွပ်ကဲမှု စစ်ဌာနချုပ်ရုံး ဗဟိုကနေ လူသားချင်း စာနာထောက်ထားမှုနဲ့ ငွေ သိန်း ၁၆ဝ ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျေအေးကြောင်း ရပ်မိရပ်ဖတွေနဲ့ ကျေးရွာ အုပ်ချူပ်ရေးမှူး အရှေ့ လက်မှတ်ထိုးပါတယ် ဆိုတဲ့ စာသားလည်း ပါဝင်တာ တွေ့ရပါတယ်။

ဒီနောက်မှာတော့ ရက်ပိုင်းအတွင်း နောက်ဆက်တွဲ ပေါ်ထွက်လာတဲ့ စာတစ်စောင် ထဲမှာတော့ ကျေအေးစာချုပ်မှာ အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့ ကျေးရွာစု အုပ်ချုပ်ရေးမှူးက သူ့လုပ်ရပ် မှားယွင်းတဲ့ အတွက် နုတ်ထွက်ခွင့် ပြုပါ ဆိုပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ထံ လိပ်မူထားတဲ့ စာဖြစ်ပါတယ်။

ပအိုဝ်း၊ ပြည်သူ့စစ်

ဓာတ်ပုံ ရင်းမြစ်, FACEBOOK

ဓာတ်ပုံ ပုံစာ,

ကျေအေးစာချုပ်မှာ အသိသက်သေအဖြစ် လက်မှတ်ထိုးခဲ့သူ ကျေးရွာစု အုပ်ချုပ်ရေးမှူး ရာထူးကနေ နုတ်ထွက်သွား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

PNA အဖွဲ့ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တဲ့ အခါမှာတော့ သိန်း ၁၆ဝ ပေးခဲ့တာဟာ အမှုကို ဖျောက်ဖျက်လိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ လူမှုရေးသက်သက် ကူညီတာသာ ဖြစ်တယ်လို့ PNA ပြည်သူ့စစ်အဖွဲ့ ဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်တဲ့ ဦးခွန်ချစ်လည်က ဖြေဆိုပါတယ်။

အများထည့်ဝင်ငွေနဲ့ အကူအညီ ပေးရတာ ဖြစ်လို့ စာချုပ်စာတမ်း ချုပ်ဆို ခဲ့ရတာ ဖြစ်ပြီး စာချုပ်ပါ စာသားတချို့ အမှားအယွင်း ရှိခဲ့တယ်လို့ ဦးခွန်ချစ်လည်က ပြောပါတယ်။

အခင်းဖြစ်စဉ်မှာ သေနတ်သမား ပြည်သူ့စစ်ဟာ အရက်သေစာ သောက်စား မူးယစ်နေသူ ဖြစ်တယ်လို့ PNA အဖွဲ့က ပြောပါတယ်။

အခုလို လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ယောက် လူနေရပ်ရွာအတွင်း သေနတ်ကိုင် ပစ်ခတ်တာမျိုး ဖြစ်မလာအောင် သက်ဆိုင်ရာတပ်ဖွဲ့က ထိန်းသိမ်းသင့်တယ်လို့ အခင်းဖြစ်ရာ ဒေသ နောင်ကျော်ကျေးရွာ အုပ်စုဝင် လုံးဖိုးရွာရဲ့ သူကြီး ဦးခွန်စိန်က မှတ်ချက်ပြုပါတယ်။

ပြည်သူ့စစ်တွေအနေနဲ့ ရပ်ရွာထဲလာမယ် ဆိုရင် ရပ်ရွာရဲ့ စည်းကမ်းတွေ လိုက်နာမှ ဖြစ်မယ်လို့လည်း လုံးဖိုး ရွာသူကြီးက ဆိုပါတယ်။

PNA ဗဟိုကော်မတီဝင် ဦးခွန်ချစ်လည် ကလည်း သူတို့ တပ်ဖွဲ့ဝင် ပြည်သူ့စစ်တွေ ရွာထဲ ပြန်တဲ့အခါ လက်နက်တွေ ယူဆောင်တာနဲ့ ပတ်သက်လို့ စည်းကမ်းတွေ ပြန်လည် ပြင်ဆင် သတ်မှတ်တော့မယ်လို့ ဘီဘီစီကို ပြောပါတယ်။

PNO ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ဟာ တရားဝင် နိုင်ငံရေးပါတီရော ပြည်သူ့စစ်တပ်ဖွဲ့ပါ တပြိုင်တည်း ရပ်တည်ခွင့်ရထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။