ခွေးကိုက်ခံရမှုကို ကုသပေးမယ့် စင်တာတွေ မြန်မာနိုင်ငံအနှံ့ဖွင့်မယ့်သတင်းအပါအဝင် မနက်ခင်းသတင်းများ

အဲဒီစင်တာတွေမှာ ခွေးကိုက်ခံရသူတွေကိုထိုးပေးဖို့ ခွေးရူးပြန်ကာကွယ်ဆေးတွေကို အလုံအလောက် ထားရှိသွားမှာ
ဓာတ်ပုံ ပုံစာ, အဲဒီစင်တာတွေမှာ ခွေးကိုက်ခံရသူတွေကိုထိုးပေးဖို့ ခွေးရူးပြန်ကာကွယ်ဆေးတွေကို အလုံအလောက် ထားရှိသွားမှာ

Dog Bite Treatment Centre တွေ မြန်မာနိုင်ငံအနှံ့ဖွင့်မယ်

ခွေးကိုက်ခံရမှုကို ကုသပေးမယ့် Dog Bite Treatment Centre တွေကို မြန်မာနိုင်ငံအနှံ့မှာဖွင့်လှစ်ပြီး ကုသမှုတွေပြုလုပ်ပေးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းတင်က ဘီဘီစီကိုပြောပါတယ်။

အဲဒီစင်တာတွေကို ရန်ကုန်မြို့က ရန်ကုန်ဆေးရုံကြီး၊ အင်းစိန်ဆေးရုံ၊ မြောက်ဥက္ကလာဆေးရုံနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံတို့မှာ မေလအတွင်းစတင်ဖွင့်လှစ်မှာလို့သူကဆိုပါတယ်။

အဲဒီနောက်မှာတော့ မန္တလေးတိုင်းနဲ့ အခြားခွေးကိုက်ခံရတာအများဆုံးဖြစ်ပေါ်တဲ့ မြန်မာနိုင်ငံအနှံ့အပြားက မြို့နယ်တွေက အစိုးရဆေးရုံတွေမှာ ဆက်လက်ဖွင့်လှစ်မယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနာက ပြောပါတယ်။

အဲဒီစင်တာတွေမှာ ခွေးကိုက်ခံရသူတွေကိုထိုးပေးဖို့ ခွေးရူးပြန်ကာကွယ်ဆေးတွေကို အလုံအလောက် ထားရှိသွားမှာဖြစ်တဲ့အပြင် အခြားစင်တာမရှိတဲ့နေရာတွေမှာလည်း ပုံမှန်ကာကွယ်ဆေးတွေကို ဆက်လက်ဖြန့် ဝေပေးထားမှာလို့ ဦးထွန်းတင်က ပြောပါတယ်။

စင်တာကိုလာရောက်တဲ့သူတွေ ခွေးကိုက်ခံရတဲ့အခြေအနေကို စစ်ဆေးကာ လိုအပ်တဲ့ ကာကွယ်ဆေးကို ထိုးပေးတာ၊ ခွေးကိုက်ခံရတဲ့ ဒဏ်ရာကိုကုသပေးတာအပြင် နောက်ထပ်ကာကွယ်ဆေးထိုးဖို့ ရက်ချိန်း အတွက် ပြန်လည်ချိန်းဆိုပေးတာတွေကိုပါ ပြုလုပ်ပေးမှာလို့ သူကဆိုပါတယ်။

အသံဖိုင် ပုံစာ, လွတ်လပ်အတွေးဆွေးနွေးဖလှယ်

မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် ခွေးကိုက်ခံရတဲ့အရေအတွက်က များပြားလာတာကြောင့် အခုလို စင်တာတွေကိုဖွင့်ဖို့ဆောင်ရွက်ခဲ့တယ်လို့လည်းဆိုပါတယ်။၂၀၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ခွေးကိုက်ခံရသူပေါင်း တစ်သိန်းကိုးသောင်းအထိရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလိုခွေးကိုက်ခံရလို့ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ပက်သက်တဲ့ ပဋိပစ္စည်းတွေကိုဝယ်ယူဖို့ ကျပ်ငွေ ၅.၄ ဘီလီယံအထိအသုံးပြုခဲ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဆီက သိရသည်။

KIA အနေနဲ့ NCA ကိုလက်မှတ်ထိုးမှာပါ၊ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းကို NCA ကနေမှ တဆင့်သွား ရမယ်ဆိုတာကိုနားလည်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေကိုတော့ ပြင်ဆင်ဖို့လိုပါလိမ့်မယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, KIA အနေနဲ့ NCA ကိုလက်မှတ်ထိုးမှာပါ၊ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းကို NCA ကနေမှ တဆင့်သွား ရမယ်ဆိုတာကိုနားလည်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေကိုတော့ ပြင်ဆင်ဖို့လိုပါလိမ့်မယ်

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၄ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ အပစ်ရပ်လက်မှတ်ထိုးဖို့ မူဆယ်မှာဆွေးနွေးမယ်

မြောက်ပိုင်းအဖွဲ့တွေဖြစ်တဲ့ ရခိုင်တပ်မတော် AA ၊ ကချင်လွတ်လပ်ရေးတပ် KIA ၊ ပလောင်လွတ်မြောက်ရေးတပ် TLNA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကအစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ကိုယ်စားလှယ်တွေနဲ့ ဧပြီလ ၃၀ရက်နေ့ မူဆယ်မြို့မှာ တွေ့ဆုံကြမယ်လို့ KIA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် Bi-lateral ကို အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲဝင် တစ်ဖွဲ့ချင်းစီအကြားလက်မှတ်ထိုးဖို့ ဆွေးနွေးမှာပါလို့ သူကဆိုပါတယ်။

"KIA အနေနဲ့ NCA ကိုလက်မှတ်ထိုးမှာပါ၊ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းကို NCA ကနေမှ တဆင့်သွား ရမယ်ဆိုတာကိုနားလည်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေကိုတော့ ပြင်ဆင်ဖို့လိုပါလိမ့်မယ်" လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသေဘာတူစာချုပ် NCA လက်မှတ်ရေးထိုးဖို့အတွက်ကတော့ လိုအပ်ချက်တွေကို မပြင်ပဲနဲ့တော့ လက်မှတ်ထိုးဖို့ဆိုတာက မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် NCA စာချုပ်ပါ လိုအပ်တာတွေကို ပြင်ဆင်ဖို့ အစိုးရကိုကော တပ်မတော်ကိုပါ ပြောချင်ပါတယ်လို့ သူကဆိုပါတယ်။

သေဆုံးသူ နိုင်ငံခြားသား ၃၁ဦးမှာ ဗြိတိန်၊ အိန္ဒိယ၊ ဒိန်းမတ်၊ ဆော်ဒီ၊ တရုတ်နဲ့ တူရကီနိုင်ငံသားတွေပါဝင်

ဓာတ်ပုံ ရင်းမြစ်, ISHARA S. KODIKARAAFPGETTY IMAGES

ဓာတ်ပုံ ပုံစာ, သေဆုံးသူ နိုင်ငံခြားသား ၃၁ဦးမှာ ဗြိတိန်၊ အိန္ဒိယ၊ ဒိန်းမတ်၊ ဆော်ဒီ၊ တရုတ်နဲ့ တူရကီနိုင်ငံသားတွေပါဝင်

သီရိလင်္ကာ ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေထဲ နိုင်ငံခြားသား အနည်းဆုံး ၃၁ဦးပါဝင်

သီရိလင်္ကာနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဟိုတယ်တွေမှာ ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ၂၉၀အထိရှိပြီး အဲဒီထဲမှာ နိုင်ငံခြားသား အနည်းဆုံး ၃၁ ဦးပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူ နိုင်ငံခြားသား ၃၁ ဦးမှာ ဗြိတိန်၊ အိန္ဒိယ၊ ဒိန်းမတ်၊ ဆော်ဒီ၊ တရုတ်နဲ့ တူရကီနိုင်ငံသားတွေပါဝင် ပါတယ်။

ပေါက်ကွဲမှု အနည်းဆုံး ခြောက်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုတွေကြောင့် အစိုးရက ညမထွက်ရ အမိန့်ထုတ်ပြန်ထားသလို အဲဒီပေါက်ကွဲမှုကြောင့် ဒဏ်ရာရတာ အနည်းဆုံး ၅၀၀လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး နိုင်ငံခြားသားပါဝင်တဲ့အရေအတွက်တော့ အတိအကျတော့မသိရသေးပါဘူး။

အစိုးရကတော့ နိုင်ငံအတွင်း အဓိက အသုံးများတဲ့ဆိုရှယ်လူမှုကွန်ယက် အချို့ကိုပိတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ISHARA S. KODIKARAAFPGETTY IMAGES

ဓာတ်ပုံ ပုံစာ, အစိုးရကတော့ နိုင်ငံအတွင်း အဓိက အသုံးများတဲ့ဆိုရှယ်လူမှုကွန်ယက် အချို့ကိုပိတ်ထားပါတယ်။

အဲဒီပေါက်ကွဲမှုတွေထဲမှာ သီရိလင်္ကာမြို့တော် ကိုလံဘိုက နာမည်ကြီး ရှန်ဂရီလာဟိုတယ်အပါအဝင် အခြား ဟိုတယ်နှစ်ခုလည်း ပါဝင်ပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ဧပြီလ ၂၁ နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်တွေထဲက တစ်ခုဖြစ်တဲ့ အီစတာပွဲတော်နေ့ လည်း ဖြစ်ပါတယ်။

အစိုးရကတော့ နိုင်ငံအတွင်း အဓိက အသုံးများတဲ့ဆိုရှယ်လူမှုကွန်ယက် အချို့ကိုပိတ်ထားပါတယ်။