ရေဘေးသင့် ရခိုင် စစ်ဘေးရှောင် ၁၆,၀၀၀ အကူအညီမဲ့နေ

မင်းပြားမြို့ပေါ်က ရေကြီးမှု အခြေအနေ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Min Myat Khine

ဓာတ်ပုံ ပုံစာ,

မင်းပြားမြို့ပေါ်က ရေကြီးမှု အခြေအနေ မြင်ကွင်း

ရခိုင်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် ကုလားတန်မြစ်ရေနဲ့ လေးမြို့မြစ်ရေတွေ မြင့်တက်လာနေပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ရေကြီးနေတာ သုံးရက်ခန့် ရှိပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

လေးမြို့မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲအထိမြင့်တက်နေတာကြောင့် မင်းပြားမြို့ပေါ်တစ်ခုလုံးကိုလည်း ရေတွေဝင်ရောက်နေတာ သုံးရက်ခန့်ရှိနေပြီဖြစ်ပါတယ်။

အဲဒီလို မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် အဲ့ဒီသုံးမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ဒုက္ခသည်စခန်းပေါင်း ၁၆ ခုခန့်ဟာ ရေနစ်မြုပ်နေတဲ့အတွက် အဲဒီက လူဦးရေ ၁၆,၀၀၀ လောက်ဟာ ဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရပြီး အကူအညီပေးမှုတွေမရှိသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောပါတယ်။

သွားလာရေးခက်လို့ အစိုးရ အကူအညီတွေ မရောက်သေးလို့ဆို

ဓာတ်ပုံ ရင်းမြစ်, Min Myat Khine

ဓာတ်ပုံ ပုံစာ,

သွားလာရေးခက်လို့ အစိုးရ အကူအညီတွေ မရောက်သေးလို့ဆို

အဲ့ဒီဒုက္ခသည်တွေဟာ နီးစပ်ရာကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ယာယီပြောင်းရွှေ့နေထိုင်နေ ကြရတဲ့အတွက် အခက်အခဲတွေနဲ့ ထပ်မံ ကြုံတွေ့နေကြရတာဖြစ်ပြီး ကျန်းမာရေးအတွက်ကိုလည်း စိုးရိမ်နေရတယ်လို့ တိမ်ညို စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေးမြို့မြစ်ရေ မြင့်တက်လာခဲ့တာကြောင့် လေးမြို့မြစ်ကြောင်းအတွင်းက စင်းဘောကိုင်း ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက မေလ နောက်ဆုံးပတ်မှာ စတင်ပြောင်းရွှေ့ ခဲ့ကြရတာဖြစ်ပြီး အဲ့ဒီလူတွေနေထိုင်ဖို့အတွက် စခန်းသစ်တွေဆောက်လုပ်ပေးဖို့ ငွေကြေးအခက်အခဲကြောင့် နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ စုပြုံနေထိုင်နေကြရတယ်လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ကြားပါတယ်။

လက်ရှိမှာ ရေနစ်နေတဲ့ စစ်ဘေးရှောင် စခန်းတွေကတော့ မင်းပြားမြို့နယ် မှာနှစ်ခု၊ မြောက်ဦးမြို့နယ်မှာ ၁၀ ခုအထက်နဲ့ ကျောက်တော်မြို့နယ်အတွင်းမှာ နှစ်ခုရှိနေပြီး မိုးဆက်လက်ရွာသွန်းနေတဲ့အတွက် တခြားစခန်းတွေကိုလည်း ထပ်မံရေမြုပ်လာနိုင်တယ်လို့ REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

မင်းပြားမြို့ပေါ်တစ်ခုလုံးလည်း ရေဝင်တာ သုံးရက်ခန့်ရှိပြီ

ဓာတ်ပုံ ရင်းမြစ်, Min Myat Khine

ဓာတ်ပုံ ပုံစာ,

မင်းပြားမြို့ပေါ်တစ်ခုလုံးလည်း ရေဝင်တာ သုံးရက်ခန့်ရှိပြီ

အခုလိုမျိုးရေကြီးမှုတွေ ဖြစ်ပွားလာနိုင်တဲ့အတွက် လိုအပ်တဲ့အကူအညီတွေကိုပေးဖို့နဲ့ နေရာပြောင်းရွှေ့ပေးဖို့ လိုအပ်တဲ့ ဒုက္ခသည်စခန်းတွေကို ကြိုတင်ပြောင်းရွှေ့နိုင်ရေးတို့အတွက် မြို့နယ်တွေကိုညွှန်ကြားထားကြောင်း နဲ့ လတ်တလော ရေမြုပ်နေတဲ့ စခန်းတွေကို သွားရောက် အကူအညီပေးဖို့အတွက် သွားလာရေးအခက်အခဲ ရှိနေတာကြောင့် မကူညီနိုင်သေးတာဖြစ်ပါတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြန်လည် ဖြေရှင်းထားပါတယ်။

ဒါ့အပြင် လက်ရှိမှာ အင်တာနက်လိုင်းတွေကို ပိတ်ထားတဲ့အတွက် ရေနစ်မြုပ်နေတဲ့ ဒေသတွေက အခြေအနေတွေကို ဖုန်းတွေနဲ့သာဆက်သွယ်နေရတာကြောင့် အကူအညီပေးရမယ့်အခြေအနေတွေကို တိတိကျကျမသိရှိနိုင်ဘဲ ခန့်မှန်းပြီးတော့လုပ်ဆောင်နေရကြောင်းနဲ့ သတင်းမှားတွေအပေါ်မှာလည်း ဆုံးဖြတ်ရတာအခက်အခဲတွေရှိနေတယ်လို့ REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေအရေအတွက်ဟာ ၅၁,၈၀၀ ကျော်အထိရှိနေပြီး အဲ့ဒီထဲက ၁၆,၀၀၀ လောက်ဟာ ရေဘေးကြောင့်အခက်အခဲတွကို ရင်ဆိုင်နေကြရကြောင်းနဲ့ ဆက်လက်ပြီးတော့ ရေနစ်မြုပ်နိုင်တဲ့စခန်းတွေလည်း ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။