တပ်နဲ့အစိုးရကို Bilateral အတွက် ကေအိုင်အေ တပ်အင်အား အသိပေးဖို့ခက်မယ်လို့ဆို

စာချုပ်ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ကေအိုင်အေကို ဒီလအစပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မိုင်းလားရဲ့နှစ် ၃၀ ပြည့်ငြိမ်းချမ်းရေးနေ့မှာ ပေးလိုက်တာဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ,

စာချုပ်ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ကေအိုင်အေကို ဒီလအစပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မိုင်းလားရဲ့နှစ် ၃၀ ပြည့်ငြိမ်းချမ်းရေးနေ့မှာ ပေးလိုက်တာဖြစ်

ငြိမ်းချမ်းရေးအတွက် နှစ်ဖက်သဘောတူညီချက် စာချုပ် Bilateral ချုပ်ဆိုဖို့ဆိုရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ သူတို့ တပ်အင်အားနဲ့ လက်နက်အင်အားစာရင်းကို တပ်မတော်နဲ့ အစိုးရကို အသိပေးတင်ပြရမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေသူတွေထံက သိရပါတယ်။

အဲဒီတောင်းဆိုမှုဟာ Bilateral ထဲမှာပါတဲ့အချက်တစ်ချက်ဖြစ်ပြီး အဲဒီစာချုပ်ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ကေအိုင်အေကို ဒီလအစပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မိုင်းလားရဲ့နှစ် ၃၀ ပြည့်ငြိမ်းချမ်းရေးနေ့မှာ ပေးလိုက်တာဖြစ်ပါတယ်။

ဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး KIO ခေါင်းဆောင်တွေ ဆွေးနွေးနေတယ်လို့ ကေအိုင်အိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဘာလို့ ခက်ခဲတာလဲ

"အခုလို ကြိုတင်ကန့်သတ်ပြီးမှ စည်းမျဉ်းစည်းကမ်းတွေ ထားမယ်ဆိုလို့ရှိရင် Bilateral ထိုးဖို့ ကိစ္စက အနှောင့်အယှက်ပေးမယ်လို့ ထင်ပါတယ်။ ဒီစစ်အင်အားနဲ့ လက်နက်နဲ့ ပတ်သက်လို့ လောလောဆယ် အကုန်လုံး အပြည့်အစုံတင်ပြဖို့ အခက်အခဲရှိမယ်လို့ ထင်ပါတယ်" လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး "Bilateral ကို စိတ်မဝင်စားဘူး၊ အဲဒီဘက်မှာ ဦးစားမပေးဘူးဆိုလို့ ရှိရင်တော့ စစ်ရေးနဲ့ပဲ ဖြေရှင်းမယ်ဆိုရင်တော့ တိုက်ပွဲကတော့ ပြန်ဖြစ်မှာပါ" လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အခုလို တပ်အင်အားနဲ့ လက်နက်အင်အား တွေ ဘာကြောင့် တောင်းခံတာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ သူက "Bilateral ထိုးဖို့ကိစ္စတွေ၊ နောက် NCA ထိုးဖို့ ကိစ္စတွေ အားလုံးကတော့ လက်နက်ဖျက်သိမ်းရေး၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခိုင်းတဲ့ အနေအထားနဲ့ အခုလို စစ်အင်အားတွေ၊ လက်နက်အင်အားတွေကို တောင်းတာဖြစ်မယ်လို့ သုံးသပ်ပါတယ်" လို့ ပြောပါတယ်။

NCA လမ်းကြောင်းကို သွားမယ်ဆိုတဲ့ အဆိုပြုချက်ပါမှ Bilateral Ceasefire Agreement ဖြစ်မယ်လို့ ပြောထားတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ,

NCA လမ်းကြောင်းကို သွားမယ်ဆိုတဲ့ အဆိုပြုချက်ပါမှ Bilateral Ceasefire Agreement ဖြစ်မယ်လို့ ပြောထားတယ်လို့ဆို

Bilateral စာချုပ်မူကြမ်း ဘယ်သူတွေကိုပေးထားလဲ

မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရက္ခိုင့်တပ်မတော် - အေအေ၊ ကိုးကန့်နဲ့ TNLA အဖွဲ့တွေကိုလည်း Bilateral စာချုပ်တွေ ပေးလိုက်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေရော ငြိမ်းချမ်းရေးကော်မရှင်နဲ့ပါ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

အဲဒီတောင်းဆိုချက်ပါဝင်တယ်ဆိုတဲ့ အစိုးရရဲ့ အဆိုပြုချက် Bilateral မူကြမ်း နဲ့ ပတ်သက်ပြီး အစိုးရဘက်က အဆိုပြုချက်ကို မြောက်ပိုင်းလေးဖွဲ့ကို ပေးပြီးပြီဖြစ်ကြောင်း၊ NCA လမ်းကြောင်းကို သွားမယ်ဆိုတဲ့ အဆိုပြုချက်ပါမှ Bilateral Ceasefire Agreement ဖြစ်မယ်လို့ ပြောထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောထားပါတယ်။

အဲဒီလို ပြောကြားချက်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၉ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးမှာ အလွတ်သဘော တွေ့ဆုံစဉ်က ဦးဇော်ဌေးက မီဒီယာတွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Bilateral မူကြမ်းဆွေးနွေးနေတဲ့ကာလအတွင်း တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေကို သြဂုတ်လ ၃၁ ရက်အထိ စစ်တိုင်းငါးတိုင်းမှာရပ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, NPRC

ဓာတ်ပုံ ပုံစာ,

Bilateral မူကြမ်းဆွေးနွေးနေတဲ့ကာလအတွင်း တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေကို သြဂုတ်လ ၃၁ ရက်အထိ စစ်တိုင်းငါးတိုင်းမှာရပ်ဆိုင်းထား

ဘယ်တော့ပြန်ဆွေးနွေးမလဲ

ကေအိုင်အိုအပါဝင် မူကြမ်းရရှိသူတွေက ဇူလိုင်လ ၁၄/၁၅ ရက်မှာ အကြောင်းပြန်မှာ ဖြစ်ပြီး မပြီးသေးဘူးဆိုရင် ပြန်သုံးသပ်မှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောထားပါတယ်။

အခုလို Bilateral မူကြမ်းဆွေးနွေးနေတဲ့ကာလအတွင်း တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေကို သြဂုတ်လ ၃၁ ရက်အထိ စစ်တိုင်းငါးတိုင်းမှာရပ်ဆိုင်းမယ်လို့ ကြေညာထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်နိုင်အောင်ဆိုပြီး တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုတွေကို စစ်တိုင်း ငါးတိုင်းမှာ ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်စပြီး ရပ်နားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ရပ်ဆိုင်းခဲ့တဲ့ စစ်တိုင်းတွေက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွေဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို အပစ်ရပ်သတ်မှတ်တဲ့ နယ်မြေမှာ မပါတဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။