မဟာမုနိ ဘုရား ပရိဝုဏ်ထဲကနေ စစ်သားတွေ ထွက်ပေးဖို့ သံဃာတွေ တောင်းဆို

ကျောက်တော် မဟာမုနိ
ဓာတ်ပုံ ပုံစာ, မဟာမုနိ ရှင်တော်တစ်ဆူ ကိန်းဝပ် စံပယ်တော်မူနေတဲ့ နေရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ သမိုင်းဝင် မဟာမုနိ ဘုရားကုန်းတော်ပေါ်နဲ့ ဘုရား ပရိဝုဏ်ထဲမှာ အစိုးရ စစ်သားတွေ နေရာယူထားတာကို ဖယ်ရှားပေးဖို့ မြို့နယ် သံဃ မဟာနာယက အဖွဲ့က သက်ဆိုင်ရာ ကျောက်တော် တပ်မှူးဆီကို မေတ္တာ ရပ်ခံစာ ပေးပို့လိုက်ပါတယ်။

ဘုရားပရိဝုဏ်နဲ့ သာသနိက အဆောက်အအုံတွေမှာ မနေဖို့ မေတ္တာ ရပ်ခံရတာ ဖြစ်တယ် ဆိုပြီး ကျောက်တော် မြို့နယ် သံဃမဟာနာယက ဥက္ကဌဆရာတော် ဦးသောဘိတက ဘီဘီစီကို မိန့်ပါတယ်။

အခုလို သံဃမဟာနယက အဖွဲ့က ကြားဝင် ဆောင်ရွက်ပေးဖို့ မဟာမုနိ ဘုရားဂေါပက အဖွဲ့က ဩဂုတ်လ ၄ ရက်မှာပဲ ဆရာတော်တွေကို ဘုရားရင်ပြင်ပေါ် ပင့်ဖိတ် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ မြို့နယ် သံဃမဟာနယက အဖွဲ့ဘက်ကလည်း စစ်တပ်ထံ စာရေးသား ပေးပို့ ခဲ့ပါတယ်။

ဘုရားကုန်းတော်နဲ့ ပရိဝုဏ်ထဲမှာ စစ်သားတွေ ရှိနေတဲ့ အတွက် ဘုရားဖူးလာတဲ့ ပြည်သူတွေ အတွက် အခက်အခဲတွေ ကြုံနေရသလို တိုက်ပွဲ ဖြစ်လာလေမလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း တိုးပွားလာစေတယ်လို့ အဲဒီ ဝန်းကျင် နေထိုင် ကြသူတွေက ပြောပါတယ်။

ကျောက်တော် မဟာမုနိ
ဓာတ်ပုံ ပုံစာ, မုခ်ဦးတိုင်းမှာလည်း စစ်သားတွေ စောင့်ကြပ်နေ

မဟာမုနိရုပ်ရှင်တော်မြတ် ကိန်းဝပ်ခဲ့ရာ နေရာ

ကျောက်တော် မဟာမုနိ ဘုရားကို ရခိုင်သားတို့ သမိုင်းနဲ့ချီ တန်ဖိုး ထားကြတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အကြောင်းကတော့ လက်ရှိ မန္တလေးမှာ ကိန်းဝပ်နေတဲ့ မဟာမုနိ ရုပ်ရှင်တော်မြတ် သီတင်းသုံးခဲ့တဲ့ နေရာ ဖြစ်သလို ၊ လက်ရှိမှာလည်း ရခိုင် မဟာမုနိ ရှင်တော်တစ်ဆူ ကိန်းဝပ် စံပယ်တော်မူနေတဲ့ နေရာတစ်ခု အဖြစ် ရခိုင်ပြည်သူပြည်သားတွေ အင်မတန် ကြည်ညိုကြတဲ့ နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ဟာ အေဒီ ၁၇၈၄ မှာ ရခိုင်ပြည်ကို ဘိုးတော်မင်း သိမ်းပိုက်ပြီးတဲ့နောက် မန္တလေး အမရပူရကို ပင့်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ထဲ အစိုးရစစ်တပ်နဲ့ အေအေအဖွဲ့ လ ပေါင်းများစွာ တိုက်ပွဲတွေ နေ့စဉ် ရက်ဆက် ဖြစ်နေတာမှာ တိုက်ပွဲ အဖြစ်များပြီး အရပ်သားတွေပါ ထိခိုက် သေဆုံးမှု ရှိခဲ့တဲ့ နေရာထဲ ကျောက်တော်မြို့နယ်လည်း ပါဝင်ပါတယ်။

လက်ရှိ ဘုရားကုန်းတော်ပေါ်မှာ အစိုးရ စစ်သားတွေ အများအပြား နေရာ ယူထားပြီး မုခ်ဦးတိုင်းမှာလည်း စစ်သားတွေ စောင့်ကြပ် နေတယ်လို့ အနီးနား နေထိုင်သူတွေက ပြောပါတယ်။

ကျောက်တော် မဟာမုနိ
ဓာတ်ပုံ ပုံစာ, ရခိုင်သားတို့ သမိုင်းနဲ့ချီ တန်ဖိုးထား

ဘုရားအနီး တိုက်ပွဲ ဖြစ်ခဲ့

ဘုရားအနီးမှာ ပြီးခဲ့တဲ့ ရက် အနည်းငယ်ကပဲ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ အစိုးရတပ်က နယ်မြေ ရှင်းလင်းရေး လုပ်ဆာင်ရာမှာ ပစ်ခတ်မှုတွေ အတွင်း လူငယ်တစ်ယောက်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးတို့လည်း ကျည်ဆံထိမှန် ခံခဲ့ရပါတယ်။

အဲဒီ ကိုယ်ဝန်ဆောင် အမျိုးသမီး ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စစ်တွေ ဆေးရုံကို ပို့ဆောင် ကုသထားရပါတယ်။

ဒီလို တိုက်ပွဲ ပေါ်ပေါက်ခဲ့လို့ လူတွေ ကြောက်လန့် နေကြချိန်မှာပဲ ဘုရားကုန်းတော်မှာ စစ်သားတွေ နေရာယူလာတဲ့ အတွက် တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို အဲဒီ အရပ်ကသူတွေ စိုးရိမ်နေကြတယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ မြောက်ဦးမှာလည်း မြို့ပေါ် ရပ်ကွက်တွေထဲမှာကို ပြီးခဲ့တဲ့ မတ်လလယ်တုန်းက လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်တာတွေ ပေါ်ပေါက်ခဲ့ဖူးပြီး အရပ်သား ဒဏ်ရာရတာ ရှိခဲ့သလို ရှေးစေတီပုထိုး တချို့လည်း ပျက်စီး ထိခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

ရှေးဟောင်းနယ်မြေနဲ့ သာသနိက အဆောက်အအုံတွေကို မထိခိုက်စေဖို့ အဲဒီတုန်းကလည်း ပြည်တွင်းပြည်ပ ကန့်ကွက်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။