အစိုးရစစ်သားတွေ ဆိုင်တွေကိုဖောက် ပစ္စည်းယူတယ်လို့ စွပ်စွဲ

ရခိုင်ပြည်နယ်တိုက်ပွဲ-
ဓာတ်ပုံ ပုံစာ, အလုယက်ခံရတဲ့ အုတ်ဖိုရွာ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်းက အုတ်ဖို ကျေးရွာ (ဒေသခံတွေ အခေါ် အိုးဖောက်ကျေးရွာ) ကို အစိုးရစစ်သားတွေ ဝင်ရောက်လာပြီး ရွာစျေးဆိုင်တွေထဲကနေ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဆိုင်တွေကို ချိုးဖျက်ခံခဲ့ရပြီး ယူဆောင်သွားတဲ့ ပစ္စည်းတွေ စုစုပေါင်း တန်ဖိုးဟာ သိန်း ရာ ဂဏန်း တချို့ထိ ရှိတယ်လို့ ကာယကံရှင်တွေက ဘီဘီစီကို ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကတော့ အဲဒီ ပြောဆိုမှုတွေကို ငြင်းပယ်ထားပါတယ်။

ဩဂုတ်လ ၉ ရက်၊ သောကြာညပိုင်း ၈ နာရီကျော်မှာ အင်အား ရာကျော်တဲ့ အစိုးရစစ်ကြောင်း ရွာထဲ ဝင်လာခဲ့ကြတာလို့ ရွာသားတွေဘက်က ပြောပါတယ်။

အဲဒီ အစိုးရတပ် စစ်ကြောင်းဟာ ရွာကို ဝိုင်းပြီး ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်ကြရင်း အခုလို ဆိုင် တွေကိုပါ ချိုးဖျက် ဝင်ရောက်တာမျိုး၊ ပစ္စည်းတွေကို သယ်သွားတာမျိုးတွေ ကျုးလွန် ခဲ့ကြတာလို့လည်း ရွာသားတွေက ပြောပါတယ်။

အုတ်ဖို ခေါ် အိုးဖောက်ကျေးရွာ

အဲဒီ အုတ်ဖိုရွာဟာ စကားပြောစက်တွေ၊ လက်ပစ်ဗုံးတွေ၊ ယာဘစိတ်ကြွဆေးတွေ ဖမ်းဆီးမိတယ် ဆိုပြီး အစိုးရစစ်တပ်က သတင်း ထုတ်ပြန်ထားတဲ့ တံခွန်တိုင်ရွာနဲ့ ကပ်ရပ်မှာ ရှိတာ ဖြစ်ပါတယ်။

အဲဒီရွာကို ရေတပ်ဇက်သင်္ဘောနဲ့ တပ်မတော်စစ်ကြောင်း ရောက်ရှိလာတာ ဖြစ်ပါတယ်။

စစ်သား ရာဂဏန်းကျော် ပါဝင်တဲ့ တပ်မတော် စစ်ကြောင်း ဝင်လာတဲ့ အတွက် အုတ်ဖိုရွာသားတွေလည်း ထွက်ပြေးကြရပါတယ်။

အစိုးရစစ်သားတွေဟာ ရွာထဲ မွှေနှောက်ရှာဖွေပြီး စျေးဆိုင်ခန်းတွေကို ချိုးဖျက်၊ အထဲက ပစ္စည်းတွေကို ယူဆောင်တာမျိုးလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

ပစ္စည်းဖောက်ယူခံရတဲ့ ဆိုင်ရှင်တစ်ဦး ပြောဆိုချက်

အုတ်ဖိုရွာ အဖြစ်အပျက်မှာ ဆိုင်ခန်းဖျက်ဆီးပြီး လုယက်ခံရတဲ့ ပိုင်ရှင်တစ်ဦး ဖြစ်တဲ့ ဦးအေးကျော်က သူ့ဆိုင်က ခန့်မှန်းခြေ ကျပ် သိန်း ၁၆ဝ ဖိုးလောက် ပါသွားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ယူဆောင်သွားခံရတဲ့ ပစ္စည်းတွေကတော့ ဖုန်းတွေ၊ ဖုန်းနဲ့ဆက်စပ် လျှပ်စစ် ပစ္စည်းတွေ၊ အင်ဂျင်စက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆိုင်ထဲက မှန်ဗီဒိုတွေလည်း ရိုက်ခွဲ ဖျက်ဆီး ခံခဲ့ရတယ်လို့ ဦးအေးကျော်က ပြောပါတယ်။

ဦးအေးကျော်လိုပဲ ကိုဇော်ဦးနဲ့ မရီရီမြင့် ဇနီးမောင်နှံဆိုင်ကလည်း စားသုံးကုန်တွေ၊ ဒီဇယ်ပေပါတွေ သိန်း ၁၁ဝ ဖိုး ဇက်ယာဉ်ပေါ် တင်ယူသွားကြသလို၊ ဦးခင်မောင်သန်း ဆိုင်ကလည်း ၂၇ သိန်ဖိုး ဝန်းကျင် ပါသွားတယ်လို့ ဆိုပါတယ်။

အခုလို ဆိုင်တံခါးတွေ ချိုးဖျက်ပြီး အနည်းနဲ့အများဆိုသလို ပစ္စည်းတွေ ယူဆောင်ခံရတဲ့ ဆိုင် ၁ဝ ဆိုင်ကျော်လည်း ရှိနေတယ်လို့ ရွာသားတွေကပြောပါတယ်။

အဲဒီ တပ်မတော် စစ်ကြောင်းကနေ ကျန်ခဲ့တဲ့ လည်စည်းမှာတော့ ၂၇၄ လို့ ရေးထားတဲ့ အတွက် တပ်ရင်း ၂၇၄ ဖြစ်မယ်ဆိုပြီး ရွာသားတချို့က ပြောကြပါတယ်။

တပ်မတော်ရဲ့ တုံ့ပြန်ချက်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သူ့အနေနဲ့ ဒီအကြောင်း မကြားမိသလို၊ ဟုတ်လည်းမဟုတ်၊ မဖြစ်လည်း မဖြစ်နိုင်ဘူး ဆိုပြီး တပ်မတော် စစ်ကြောင်းက လုပ်ဆောင်တာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

"အဲဒါက သူတို့ အပြောပဲ ဖြစ်တယ်လေ။ ဘယ်သူက သက်သေ သက္ကာယ ရှိလို့လဲ။ ကျွန်တော်တို့က ပြည်သူလူထု ဒုက္ခရောက်မယ့်ဟာမျိုး၊ ပြည်သူလူထုရဲ့ ပစ္စည်းကို … ဘာမှ …ဟုတ်လား၊ ဝန်ထုပ်ဝန်ပိုးဖြစ်အောင် မလုပ်ဘူး"

"ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းကို နာမည်ပျက်အောင် တမင်ကိုလုပ်တာ" ဆိုပြီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တုံ့ပြန် ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲ-

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စိတ်ကြွဆေးတွေမိခဲ့တဲ့ တံခွန်တိုင်

တံခွန်တိုင်ကျေးရွာနဲ့ တဆက်တစပ်တည်း အဖြစ်အပျက်လား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တံခွန်တိုင် ကျေးရွာ ( ဒေသအခေါ် သမီးလှ ရွာဟောင်း ) က ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ပေါ်ကနေ ကျပ်ငွေ သန်း ငါးထောင် ဖိုး စိတ်ကြွရူးသွပ်ဆေးတွေ ဖမ်းမိပြီး ဒါဟာ အေအေ ရခိုင်လက်နက်ကိုင်တွေနဲ့ ဆက်စပ်နေတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

တံခွန်တိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ အိမ်ကနေ အဲဒီလို စိတ်ကြွဆေးပြား အပြားရေ ၂သန်းခွဲ ဝန်းကျင်သာမက လက်ပစ်ဗုံး အလုံး ၃ဝ ကျော်၊ အိုင်ကွန် စကား ပြောစက် ၅ဝ ကျော် နဲ့ မိုင်းလုပ်တဲ့ အခါ သုံးတဲ့ ကွန်ကြူပိုက်တွေ၊ ဘောစေ့တွေနဲ့ ရောထားတဲ့ ယမ်းထုပ်တွေ၊ တခြား ဆက်စပ်ပစ္စည်းတွေ သိမ်းမိတယ်လို့ ဆိုပါတယ်။

အဲဒီ ပစ္စည်းတွေဟာ အေအေတွေရဲ့ ပစ္စည်းတွေ ဆိုပြီး တပ်မတော်က စွပ်စွဲပါတယ်။

ဦးစံသာကျော်နဲ့ မိသားစုဝင်တွေကတော့ အစိုးရစစ်ကြောင်း တံခွန်တိုင်ထဲ ဝင်မလာခင် ကတည်းက ထွက်ပြေးသွားနှင့်ပြီး ဖြစ်ပါတယ်။

တံခွန်တိုင်ရွာ အဖြစ်အပျက်ကို အေအေ ပြောခွင့်ရက ခိုင်သုခကလည်း အေအေနဲ့ မဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။

တံခွန်တိုင်ရွာ အဖြစ်အပျက်အပြီး တပ်မတော် ရေတပ် သင်္ဘော အနည်းဆုံး ၃ စင်းနဲ့ စစ်သားတွေ ရာချီပြီး အဲဒီ ဒေသကို ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနီးအနား ကျေးရွာတွေကို အစိုးရစစ်သားတွေ ပိတ်ဆို့ ရှာဖွေကြစဉ် အခုလို အုတ်ဖိုရွာ လုယက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ရသေ့တောင်အမတ် ပြောဆိုချက်

"ပြည်သူတွေ ခံစားနေရတာတွေကို ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေနဲ့ တင်ပြသွားမယ်။ သူတို့ဘက်က အကြောင်းပြန်ပြန် မပြန်ပြန် လုပ်စရာတွေ ဆက်လုပ်မယ်" ဆိုပြီး ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ဖောက်ထွင်း ဖျက်ဆီး ခံရတဲ့ ဆိုင်ခန်း အရေအတွက်၊ ယူဆောင်သွားခံရတဲ့ ပစ္စည်း တန်ဖိုးတွေကို စာရင်းပြုစုနေတယ်လို့လည်း ဒေါ်ခင်စောဝေက ပြောပါတယ်။

ရခိုင်ပြည်နယ် လက်နက်ကိုင် ပဋိပက္ခတွေမှာ အခုလို ရွာတွေထဲ အစိုးရ စစ်ကြောင်းတွေ ဝင်လာပြီး ရွာခံတွေရဲ့ ပစ္စည်းတွေ ယူဆောင်သွားတယ် ဆိုတဲ့ ပြောဆိုချက်မျိုး တွေ အရင်ကလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။

တပ်မတော်ဘက်က သူတို့ တပ်ဖွဲ့ဝင်တွေ အဲဒီလို မပြုမူ၊ မကျုးလွန်ဘူးလို့ ပယ်ချထားပါတယ်။

ဒီလို ဖြစ်စဉ်တွေကို သေချာစိစစ်ပြီး ကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်နိုင်ဖို့ လိုအပ်နေတယ်လို့ ဒေါ်ခင်စောဝေက ဘီဘီစီကို ပြောပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ