ရခိုင်မှာ စစ်ရဟတ်ယာဉ်က ဗုံးကြဲခဲ့တဲ့ လုပ်ရပ်ကို ကုလသမဂ္ဂ ရှုတ်ချ

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာ သံတမန်တွေကို ရခိုင်မြောက်ပိုင်း အခြေအနေ တပ်မတော် ရဟတ်ယာဉ်နဲ့ ခေါ်ပြခဲ့စဉ်။ ၂ဝ၁၆၊ နိုဝင်ဘာ။

ရခိုင်ပြည်နယ်တွင်း အရပ်သားတွေ ထိခိုက် သေဆုံးခဲ့ရတဲ့ အစိုးရစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်ထိ မြောက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးက ရှုတ်ချ ပြောဆို လိုက်ပါတယ်။

လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရ မစ္စ ရာဗီနာ ရှမ်မ် ဒါဆာနီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်ကို ရည်ညွှန်း ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်ရပ်မှာ ရိုဟင်ဂျာ အနည်းဆုံး ၇ ဦး သေဆုံးခဲ့တယ်လို့ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စ ရှမ်မ် ဒါဆာနီက ပြောသွားပါတယ်။

ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်းကျေးရွာ အနီး ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲမှာ အေအေတွေကို ပစ်ခတ် နှိမ်နှင်းရင်း ဘင်္ဂါလီ ၆ ဦး သေဆုံးခဲ့တယ်လို့ တပ်မတော် သတင်းမှတ် ပြန်ကြားရေး အဖွဲ့က အတည်ပြု ထုတ်ပြန် ထားပါတယ်။

အရပ်သားတွေကို သတ်ဖြတ်မှုလို့ ကုလသုံးစွဲ

လူ့အခွင့်အရေး မဟာမင်းကြီးရုံးကတော့ ဧပြီ ၃ ရက်နေ့ ဖြစ်ရပ်ကို အစိုးရတပ်က အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ဆိုပြီး စွပ်စွဲ ပြစ်တင်ပါတယ်။

"ကိုယ့်တိုင်းသူပြည်သားတွေကို မြန်မာ အစိုးရ စစ်တပ်က သတ်ဖြတ်တာမျိုး ထပ်မံ ကျူးလွန်ခဲ့တာပါ။ ဒါဟာ စစ်ရာဇဝတ်ထိ မြောက်နိုင်ပါတယ်။ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းကြရတဲ့ ရိုဟင်ဂျာ အရပ်သားတွေ ရှိနေတဲ့ ဒေသမှာ တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး၊ ရဟတ်ယာဉ်တွေကနေ ဗုံးတွေ ကြဲချခဲ့တာကို အတည်ပြုထားနိုင်တယ်၊ အရပ်သား အနည်းဆုံး ၇ ယောက် သေဆုံးခဲ့တယ်" လို့ မစ္စ ရှမ်မ် ဒါဆာနီက ပြောခဲ့ပါတယ်။

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, UN

ဓာတ်ပုံ ပုံစာ, ဗုံးကြဲခဲ့ကြောင်း အထောက်အထားတွေ ရထားတယ်လို့ ပြောဆိုသူ မစ္စ ရှမ်မ်ဒါဆာနီ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - အိုချာ (OHCHR) အဖွဲ့ အနေနဲ့ အဲဒီ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယို နဲ့ ဓာတ်ပုံ သက်သေ မှတ်တမ်း အထောက်အထားတွေ တော်တော်များများ လက်ခံ ရရှိထားတယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ အေအေကြား တိုက်ပွဲတွေ အမြန်ဆုံး ရပ်ကြဖို့လည်း အိုချာ အဖွဲ့က တောင်းဆိုနေပြီး ဒေသခံ အရပ်သားတွေ လုံခြုံမှု အပြည့်ရှိဖို့ တာဝန်ယူကြပါလို့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းပါတယ်။

လတ်တလော တိုက်ပွဲတွေ ပေါ်ပေါက်နေတဲ့ ဒေသတွေ အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခုလုံးကို လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့ အကူအညီတွေ ပေးနိုင်ရေး အတွက်လည်း ခွင့်ပြုပါလို့ ကုလသမဂ္ဂက တောင်းဆိုပါတယ်။

အခုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ချင်း၊ ရခိုင်၊ ရိုဟင်ဂျာ၊ မြို၊ ဒိုင်းနက် အားလုံးအပေါ် ဆိုးကျိုးတွေ သက်ရောက်နေစေတယ်လို့လည်း ကုလသမဂ္ဂက ထောက်ပြ နေပါတယ်။

ဧပြီ ၃ ရက် အဖြစ်အပျက်

ဘူးသီးတောင်မြို့နယ်ထဲ ဧပြီ ၃ ရက် နေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပေါ်ပေါက် ခဲ့ပါတယ်။

ဘူးသီးတောင်နဲ့ ဝါးခုတ်ချောင်းရွာ အပါအဝင် အဲဒီ ဒေသကို စိုးမိုးနိုင်ဖို့ အေအေ လက်နက်ကိုင် ၁၅ဝ လောက် စုဝေး လာခဲ့ကြတယ်လို့ အစိုးရတပ်က ထုတ်ပြန်ထားပါတယ်။

ရခိုင်
ဓာတ်ပုံ ပုံစာ, အခင်းဖြစ်ရာပြ တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ မြေပုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဝါးခုတ်ချောင်းရွာ အရှေ့ဘက် ၄ မိုင် ကျော်ကျော်လောက် ဝေးတဲ့ စိုင်းဒင်ချောင်း တဝိုက် အေအေတွေ ရောက်ရှိနေတယ် ဆိုတဲ့ အခိုင်အမာ သတင်းအရ မွန်းလွဲပိုင်းမှာ ပစ်ခတ် နှိမ်နှင်းခဲ့တယ်လို့ တပ်မတော်က ဆိုပါတယ်။

အဲဒီ တိုက်ပွဲမှာ သူတို့အခေါ် ဘင်္ဂါလီ ရွာသားတချို့လည်း သေဆုံးပြီး၊ ဒဏ်ရာရသူ တချို့လည်း ဘူးသီးတောင်မြို့ တပ်ဆေးရုံကို ရောက်လာတယ်လို့ ဆိုထားပါတယ်။

မွန်းလွဲပိုင်း အစိုးရတပ်ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ည ၈ နာရီ နီးပါးမှာ ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ် ကျေးရွာနားမှာ ရှိတဲ့ တပ်မတော် နယ်မြေခံ ဌာနချုပ်ကို အေအေတွေက လက်နက်ကြီးတွေနဲ့ လာပစ်ခဲ့တယ်လို့လည်း အစိုးရတပ်ဘက်က ထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်တဲ့နေ့က အရပ်သား ထိခိုက်သေဆုံးမှု သတင်း သိရဖို့ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို ဘီဘီစီက ဆက်သွယ် မေးမြန်းတဲ့ အခါစစ်တပ်ရဟတ်ယာဉ်တွေက မှားပစ်လို့ မွတ်ဆလင် ရွာသား အယောက် ၄ဝ လောက်ထိ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိထားရတယ်ဆိုပြီး ပြောထားပါတယ်။

" ဘူးသီးတောင်ဆေးရုံမှာ လူနာ ၈ ယောက် ဆေးရုံတင်လာတာ တွေ့ရတယ်။ အဲဒီဘက်က အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဆက်သွယ်မေးကြည့်တော့ ဒဏ်ရာရတဲ့ လူတွေအများကြီးလို့ပြောတယ်။ ဆက်သွယ်သွားလာလို့လည်း မရတော့ ဒီလူနာ ၈ ယောက်ပဲ ဘူးသီးတောင်ဆေးရုံ ရောက်လာတယ်" လို့ ဦးမောင်ကျော်ဇံ ပြောခဲ့ပါတယ်။

နယ်မြေအခြေအနေနဲ့ ဒုက္ခသည်ပြဿနာ

ခုလို တိုက်ပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့ နယ် ၅ မြို့နယ်မှာ ဧပြီ ၂ ရက်က စတင်ပြီး ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို အာဏာပိုင်တွေ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အရပ်ဘက် အဖွဲ့တွေ၊ လူမှုရေး တက်ကြွလှုပ်ရှားသူတွေ စစ်ဘေးဒုက္ခသည်တွေကို ကူညီရေး လုပ်တဲ့အခါမှာလည်း အလှူငွေကောက်တာမျိုး ပြုမူမယ် ဆိုရင် အစိုးရ ခွင့်ပြုချက် အရင်တောင်းရမယ်ဆိုပြီး ရခိုင်ပြည်နယ် အစိုးရက သတိပေး ထားပါတယ်။

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို အကူအညီပေးနေသူ ဘူးသီးတောင် ဒေသခံ အမျိုးသမီးငယ် ဒဏ်ရာရလို့ စစ်တွေကို ပို့ရစဉ်။ မတ် ၂၂၊ ၂၀၁၉။

စစ်ရဟတ်ယာဉ်သုံး လေကြောင်းတိုက်ခိုက်မှု အစိုးရတပ်ဘက်က လုပ်ဆောင်တယ် ဆိုတဲ့ သတင်းမျိုး သူတို့လည်း ကြားနေရပြီး၊ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ကြရသူတွေကို ကူညီနိုင်ရေး အတွက် လုပ်ဆောင်နေတယ်လို့ အမျိုးသားလွှတ်တော် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးရာ ကော်မတီ အတွင်းရေးမှူး ဆလိုင်းမျိုးထက်က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက လက်ရှိတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေး နေရတဲ့ စစ်ဘေး ဒုက္ခသည် နှစ်သောင်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မတ်လကုန်နဲ့ ဧပြီလဆန်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်နဲ့ ရသေ့တောင် လမ်းတလျှောက် ရွာတွေကနေ တိမ်းရှောင်ခဲ့ကြရတဲ့ ရိုဟင်ဂျာ အယောက် ၄ ထောင်လောက်လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။