စစ်တပ်ကရွာတွေထဲအထိ သံသယရှိသူတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေရှိနေလို့ ဒေသခံ နှစ်ထောင်ကျော် အနီးဝန်းကျင်အရပ်တွေကို ပြောင်းရွှေ့ခိုလှုံ

တိုက်ပွဲတွေကြားက ရခိုင်စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြားက ရခိုင်စစ်ရှောင်တွေ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းရွာအနီးဝန်းကျင်က နှစ်ထောင်နီးပါးရှိတဲ့ ကျေးရွာသူရွာသားတွေဟာ နေအိမ်တွေကို စွန့်ပြီး ရွှေဖောင်တော်ကျောင်းနဲ့ အောင်မင်္ဂလာကျောင်းတွေကို မတ် ၂၀ ရက်နေ့မှာ သွားရောက် ခိုလှုံခဲ့ကြတယ်လို့ ထွက်ပြေးတိမ်းရှောင်လာသူတွေက ဘီဘီစီကိုပြောပါတယ်။

ထွက်ပြေးလာကြသူတွေဟာ မင်းပြားမြို့နယ် ပန်းမြောင်း ရွာသစ်၊ မြိုချောင်း၊ ရွာသစ်၊ ငှက်တော်ရ၊ သပေါ့ စာ၊ စာသင်ကျောင်းရပ်ကွက်၊ အောင်ကျော်ကြီးရပ်ကွက်က ဒေသခံတွေ ဖြစ်ကြပါတယ်။

'' စစ်တပ်က ရွာမှာရှိနေလို့ ထွက်ပြေးလာတာ။ အိမ်တိုင်းကို မွှေတယ် ပြီးတော့ရိုက်တယ်။ လူတွေကို ခေါ်တယ်ပြီးတော့ နေပူလှမ်းတယ်။ ရိုက်တယ်။ ကြောက်လို့ ထွက်ပြေးလာတာ။ရွာသူရွာသားတွေက ရွာထဲကိုလည်း မဝင်ရဲတော့ဘူး''လို့ မြို့ပေါ်ရပ်ကွက်ကို ထွက်ပြေးလာရတဲ့ အကြောင်းရင်းကို ရွှေဖောင်တော်ကျောင်းမှာ ခိုလှုံနေတဲ့ အမျိုးသမီး တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီရက်ပိုင်းအတွင်းပန်းမြောင်းကျေးရွာ အနီး ဝန်းကျင်မှာ တပ်မတော်က စစ်ဆင်ရေးတွေလုပ်နေသလို အနီးအနားက ရက္ခိုင့်တပ်မတော် အေအေရှိမယ်လို့ ယူဆရတဲ့ တောင်တန်းတွေကို တပ်မတော်က ရဟတ်ယာဉ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လည်းရှိခဲ့ပါတယ်။

''စစ်သားတွေက သေနတ်တွေနဲ့ပစ်ပြီးရွာကို ဝင်တယ်။ ကျွန်တော်တို့ ရွာဟောင်းက မိန်းကလေး တစ်ယောက်ဒဏ်ရာရတယ်။ အမျိုးသားတစ်ယောက် လက်ညိုးပြတ်သွားတယ်။ မြိုချောင်းရွာက ငါးနှစ်ခြောက်နှစ်အရွယ် ကလေးတစ်ယောက် လက်မောင်းကို ကျည်ထိသွားတယ်။ ရွာကလူပေါင်း ၁၀၀ ကျော်လောက် ၁၁နာရီကျော်လောက်မှာတနေကုန် နေပူလှမ်းပါတယ်။ အကုန်ပြန်လွှတ်ပြီး ကလေး လေးယောက်ကိုတော့ခေါ်သွားတယ်''လို့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို ပန်းမြောင်းတိုက်နယ် ပရဟိတ အဖွဲ့ နာယက ဦးငလုံးချေက ပြောပြပါတယ်။

ခေါ်ယူသွားတဲ့ လူငယ် လေးယောက်နဲ့ အဆက်အသွယ် မရသေးတဲ့အတွက်လည်း မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ဦးငလုံးချေကပြောပါတယ်။

လေးမြို့ချောင်း အထက်ပိုင်း ပန်းမြောင်းကျေးရွာဟာ အိမ်ခြေ တစ်ထောင်ကျော်ခန့်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပြီး ခုလို အခြေအနေတွေကြောင့် ရွာက လူတွေဟာ စိုးရိမ်ထိတ်လန့်တာတွေရှိနေတဲ့အတွက် အနီးဝန်းကျင်က ဘေးလွတ်ရာ အရပ်တွေကို ပြောင်းရွှေ့ခိုလှုံနေကြရတယ်လို့သိရပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ