ဇွန် ၂ဝ ဒုက္ခသည်များနေ့ - ဒုက္ခသည် အရေအတွက် သန်း ၇ဝ ကျော် စံချိန်တင် မြင့်တက်

ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Save the children

ဓာတ်ပုံ ပုံစာ, လက်ဘနွန် ဘက်ကာတောင်ကြားထဲ ရောက်နေတဲ့ ဆီးရီးယား ဒုက္ခသည် ကလေးတွေ

ကမ္ဘာတဝန်း နေရာအနှံ့ ကြုံတွေ့နေရတဲ့ ဒုက္ခသည် ဆိုင်ရာ ပြဿနာတွေကို ကမ္ဘာသူ ကမ္ဘာသားတွေ ပိုပြီး အာရုံစိုက် မိကြစေဖို့ ဇွန်လ ၂ဝ ရက်နေ့ကို ကမ္ဘာ့ ဒုက္ခသည်များ နေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ် ထားပါတယ်။

လက်ရှိ အခြေအနေကို ကြည့်ရင် ကမ္ဘာကြီးပေါ်မှာ ဒုက္ခသည် အရေအတွက်ဟာ စံချိန်တင် အမြင့်ဆုံး အရေအတွက်မျိုးထိ ရောက်ရှိ နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့က သတိပေးပါတယ်။

စစ်ဘေးစစ်ဒဏ်ကြောင့် ဖြစ်စေ၊ တရားစွဲဆို ဖမ်းဆီး နှိပ်စက် ခံရမယ့် အန္တရာယ်ကြောင့် ဖြစ်စေ ဒါမှမဟုတ် ငလျင်ဒဏ်၊ ဆူနာမီဒဏ် စတဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ဖြစ်စေ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် အတွင်း လူပေါင်း သန်း ၇ဝ ကျော် အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒီ သန်း ၇ဝ ကျော် ဆိုတဲ့ ပမာဏမျိုးထိ လူတွေ ထွက်ပြေး ခဲ့ကြရတဲ့ အခြေအနေမျိုးဟာ အနှစ် ၇ဝ အတွင်း လူ့သမိုင်းမှာ မကြုံစဖူး အဆိုးရွားဆုံးပဲလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ UNHCR က ပြောပါတယ်။

၂ဝ၁၇ အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဒုက္ခသည် အရေအတွက် နှစ်သန်းခွဲနီးပါး မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်ထဲ ရိုဟင်ဂျာ သိန်းပေါင်းများစွာ ဆက်လက်သောင်တင်နေ

ဒုက္ခသည်အထွက်ဆုံးနိုင်ငံ

UNHCR ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ ဒုက္ခသည် အထွက်ဆုံး နိုင်ငံ ၅ ခု ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ကျန်တဲ့ ၄ နိုင်ငံကတော့ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်နဲ့ ဆိုမာလီယာတို့ ဖြစ်ပါတယ်။

အကြောင်းကတော့ ရခိုင်ပြည်နယ် အကျပ်အတည်း ဆက်လက် ရှိနေလို့ ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဒုက္ခသည် လွှဲပြောင်းရေး အစီအစဉ် ကြန့်ကြာနေပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ သောင်တင် နေကြဆဲ ဖြစ်ပါတယ်။

ဒီလောက်များပြားတဲ့ ဒုက္ခသည်တွေကို လက်ခံထားရတဲ့ နိုင်ငံတွေ အတွက်လည်း အင်မတန် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေတယ်လို့ UNHCR ရဲ့ အကြီးအကဲ ဖိလစ်ပို ဂရန်ဒီက ဆိုပါတယ်။

ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပါကစ္စတန်မြောက်ပိုင်းထဲ ခိုလှုံနေတဲ့ အာဖဂန် ဒုက္ခသည် သားအမိ

"လက်ခံထားရတဲ့ နိုင်ငံတွေမှာလည်း သန်းနဲ့ ချီတဲ့ ဒုက္ခသည်တွေ အတွက် စိုက်ထုတ် ကုန်ကျဖို့ရာ လုံလောက်တဲ့ ဓနအင်အား မရှိကြပါဘူး။ ဒုက္ခသည် သန်း ၇ဝ ကျော် ထဲက အများစု ရောက်ရှိ နေကြတဲ့ နိုင်ငံတွေဟာ သူတို့ ကိုယ်တိုင်လည်း ဆင်းရဲတဲ့ နိုင်ငံတွေ ဖြစ်နေကြပါတယ်" ဆိုပြီး မစ္စတာ ဂရန်ဒီက ပြောပါတယ်။

ဒီနေ့ခေတ်ကြီးမှာ ပဋိပက္ခတွေ ပြေငြိမ်းသွားတယ်၊ ဖြေရှင်းနိုင်တယ် ဆိုတာမျိုးလည်း မရှိလို့ ဒုက္ခသည်တွေ အိမ်မပြန် နိုင်ကြတဲ့ အပြင်၊ ပဋိပက္ခ အသစ်တွေသာ ပို တိုးတိုး လာတဲ့ အတွက် ဒုက္ခသည် အရေအတွက်လည်း နှစ်တိုင်း ပိုပြီး များလာတာ ဖြစ်တယ်လို့ မစ္စတာ ဂရန်ဒီက ဆိုပါတယ်။

တကိုယ်ရေ ကလေးဒုက္ခသည်တွေ

လက်နက်ကိုင် ပဋိပက္ခတွေဟာ ကလေးသူငယ်တွေ အပေါ် အကြီးအကျယ် ရိုက်ခတ် သက်ရောက်နေတဲ့ အခြေအနေဟာလည်း ဒုက္ခသည်ပြဿနာနဲ့ အတူ အင်မတန် စိုးရိမ်စရာ ကောင်းနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည် ပြုစု ပျိုးထောင်ပေးတဲ့ အလုပ်တွေ လုပ်ဆောင်ပေးတဲ့ ကုလသမဂ္ဂ UNRA အဖွဲ့ရဲ့ အဆိုအရ ကလေးသူငယ်တွေလည်း မိတကွဲဘတကွဲ နေရပ်ရင်းကို စွန့်ခွာထွက်ပြေး နေကြရပါတယ်။

မိဘမပါဘဲ တကိုယ်ရေ ထွက်ပြေးခဲ့ကြရတဲ့ ကလေးတွေ၊ လမ်းခရီးမှာ မိဘနဲ့ ကွဲသွား ကြရသူတွေ စုစုပေါင်းလိုက်ရင် ဒုက္ခသည် ကလေးငယ်ပေါင်း တစ်သိန်းခုနစ်သောင်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီးရီးယားကနေ တူရကီဘက် ပြေးလာတဲ့ ကာ့ဒ် ဒုက္ခသည်

မိုင်ရှည်ခရီးနှင်ကြရ

ဒုက္ခသည်တွေဟာ တချို့ အခြေအနေတွေမှာဆိုရင် လုံခြုံရာရောက်ဖို့ ခြေကျင်ခရီး နှင်ရရုံသာမက၊ ကားတတန် လှေတတန်နဲ့ ခရီးမိုင်ရှည် ထွက်ပြေးကြရတာမျိုး ဖြစ်ပါတယ်။

အန္တရာယ်များတဲ့ ခရီးမှာ လမ်းခုလတ်မှာပဲ သေဆုံး သွားရသူတွေလည်း ရှိပြီး၊ ဒုက္ခသည် စခန်း ဆိုပြီး လူတွေ ထောင် သောင်းချီ စုပြုံ နေထိုင်ကြရတဲ့ နေရာမျိုးတွေမှာလည်း အင်မတန် နိမ့်ကျ ဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ မသေအောင် ကြိုးစား အသက်မွေးကြရတာ ဖြစ်တယ်လို့ ဒုက္ခသည် ကူညီရေး ဆောင်ရွက်ကြသူတွေက ပြောပါတယ်။

တချို့ ဒုက္ခသည် စခန်းတွေမှာ ဆေးရုံ ဆေးခန်းနဲ့ စာသင်ကျောင်းလို အရာတွေ ရှိပေမယ့်၊ ကျန်းမာရေးနဲ့ ပညာရေး စောင့်ရှောက်မှု လုံးဝ ကင်းမဲ့နေတဲ့ ဒုက္ခသည် စခန်း အများအပြားလည်း ရှိနေပါတယ်။

ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြန်မာသင်ပုန်းကြီး အံနေတဲ့ ရိုဟင်ဂျာ ကလေးတွေ

Refugee Action ဆိုတဲ့ ပရဟိတ အဖွဲ့ရဲ့ အဆိုအရ ဒုက္ခသည် အများဆုံး လက်ခံထားတဲ့ နိုင်ငံဟာ တူရကီ ဖြစ်ပါတယ်။

၂ဝ၁၇ အကုန်မှာ တူရကီထဲ ဒုက္ခသည် စခန်း ၃ သန်းခွဲ ခိုလှုံ နေပါတယ်။ ပါကစ္စတန် နိုင်ငံထဲမှာ ဆိုရင်လည်း တိုင်းတပါးက ဒုက္ခသည် ၁ သန်းခွဲ နီးပါး ရှိနေပြီး၊ ယူဂန်ဒါထဲမှာ ၁၂ သိန်း၊ လက်ဘနွန်မှာ တစ်သန်း ရှိနေတယ်လို့ ဆိုပါတယ်။

ဗြိတိသျှ ကြက်ခြေနီ အဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ ယူကေနိုင်ငံထဲ ဒုက္ခသည် တစ်သိန်းနှစ်သောင်း နီးပါး ရှိနေကြပါတယ်။

ယူကေ အစိုးရက "ရဖျူဂျီ" အနေနဲ့ အသိအမှတ်ပြုပြီး အကာအကွယ်ပေးမယ် ဆိုတဲ့ အာမခံချက် ရရှိသူတွေ ၂ဝ၁၈ မှာ တစ်သောင်းခြောက်ထောင် နီးပါး ရှိပါတယ်။ အဲဒီထဲက ၅ ယောက်မှာ ၂ ယောက်ဟာ ကလေးသူငယ်တွေ ဖြစ်ကြပါတယ်။

ဗြိတိသျှ ကလေးငယ် ၄ ပုံ ၁ ပုံ ဟာ "ရဖျူဂျီ" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မသိကြဘူးလို့ ဗြိတိသျှ ကြက်ခြေနီ အဖွဲ့က ဆိုပါတယ်။

ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မက်ဆီဒိုးနီးယားကို ဖြတ်ဝင်နေတဲ့ ဆီးရီးယား ဒုက္ခသည် သားအမိ

ဒုက္ခသည် အမျိုးစား ၃ အုပ်စု

ဒုက္ခသည်တွေကို UNHCR က အုပ်စု ၃ မျိုး ပိုင်းခြား သတ်မှတ်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ရန်က လွတ်ဖို့ မိမိတို့ရဲ့ တိုင်းပြည်အပြင်ဘက်ထိ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေကို Refugee ရဖျူဂျီလို့ အင်္ဂလိပ်လို့ ရည်ညွှန်းပါတယ်။

နောက် … Asylum seeker အဆိုင်လမ် ဆီကာလို့ ခေါ်တဲ့ တိုင်းတပါးမှာ ခိုလှုံနေထိုင်ဖို့ ခွင့်တောင်းခံ ထားသူတွေနဲ့ ၊ IDP အိုင်ဒီပီ ဆိုတဲ့ မိမိတို့ရဲ့ တိုင်းပြည်ထဲမှာပဲ တနေရာကနေ တနေရာကို ပြောင်းရွှေ့ ထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။

ဒုက္ခသည် သန်း ၇ဝ ကျော် ရှိနေတယ် ဆိုတဲ့ ပမာဏဟာ ကိုယ့်ရဲ့ဘဝ ပိုပြီး လုံခြုံရာ ရှာဖွေနိုင်ဖို့ နေရပ် ဌာနေရင်းကို စွန့်ခွာရသူတွေ တစ်မိနစ်တိုင်းမှာ အနည်းဆုံး ၂၅ ယောက် ဝန်းကျင် ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

UNHCR ရဲ့ သတ်မှတ်ချက်အရ ရဖျူဂျီ ဒုက္ခသည် အုပ်စုဝင် အရေအတွက် ၂၆ သန်း နီးပါး ရှိတာမှာ အဲဒီထဲက ၃ ပုံ ၂ ပုံ ဟာ နိုင်ငံ ၅ ခုထဲကနေ ထွက်ပြေးကြရသူတွေ ဖြစ်ပြီး အဲဒီထဲ မြန်မာ ပါဝင်တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်း ကုလအတွင်းရေးမှူးချုပ် လာရောက်